ပုသိမ် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် က လပတ်အစည်းအဝေးများကို အခုလိုပဲ ပုံမှန်ကျင်းပနိုင်ဖို့ ဌာနဆိုင်ရာများနဲ့ ယခုလိုအချိန်ပေးတွေ့ဆုံပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အထူးအလေးအနက်ထား ပြောကြားလိုတာကတော့ ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးရော၊ ဌာနဆိုင်ရာများ အားလုံးဟာ ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူများရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့၊ ပြည်သူများ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မား လာစေဖို့၊ ဒေသဖွံဖြိုးရေးတွေ တိုးတက်လာဖို့၊ တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများဘဝ လုံခြုံအေးချမ်းစေဖို့၊ တိုင်းဒေသကြီးအတွက် GDP တိုးတက်မြင့်မားပြီး တစ်ဦးချင်း ဝင်ငွေမြင့်တက်လာဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး စက်မှုဇုန်များ၊ ကမ်းခြေဒေသဖွံ့ဖြိုးမှု စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ပေါ်လာဖို့၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းနေကြတယ် ဆိုတာ အားလုံးအသိပဲဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရည်မှန်းချက်ပန်းတိုင် မရောက် ရောက်အောင် ကြိုးစားရမှာ ဖြစ်ကြောင်းပြောကြားသည်။
၎င်းနောက် တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ တိုင်းစီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ တိုင်းရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ တိုင်းစိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းသစ်တော ဦးစီးဌာန၊ တိုင်းလယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းလမ်းဦးစီးဌာန၊ တိုင်းလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းစည်ပင်သာယာရေး အဖွဲ့၊ တိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းပညာရေးမှူးရုံး၊ တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းလူမှုဝန်ထမ်းဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)၊ တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်မှုထားမှုများနှင့် ပတ်သက်၍ လည်းကောင်း၊ ၆ ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်ထားသည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်ဆက်သွယ်ရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးတို့က ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုနောက်ဝန်ကြီးချုပ်က နိဂုံးချုပ် လမ်းညွှန်စကားပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း နှင့်ညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ စက်ရုံမှူးများ၊ ခရိုင်/မြိုနယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ဆက်)