နေပြည်တော် ဖေဖော်ဝါရီ ၂၈
(၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီး၌ ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မေတ္တာရပ်ခံချက်အရ ရက်ရွှေ့ဆိုင်းခဲ့ပြီး ကျင်းပမည့်ရက်ကို သာသနာရေးဦးစီးဌာနက ပြန်လည်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယခုအခါ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က မဟာဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဒုတိယအကြိမ် စတုတ္ထ အထူးအစည်းအဝေးက “သာသနာရေး ဦးစီးဌာနက ကျင်းပ ပြုလုပ်မည့် (၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို အထူးကိစ္စတစ်ရပ်အနေဖြင့် နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်မှ ၁၂ ရက်အတွင်း သင့်လျော်သော ရက်တစ်ရက်ရက်၌ ကျင်းပဆောင်ရွက်သွားရန်” ဟု ဆုံးဖြတ်ခဲ့သည်။
ယင်းကဲ့သို့ ဆုံးဖြတ်ချက်အရ (၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်ကြီး၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပဆောင်ရွက်သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
သို့ဖြစ်ပါ၍ (၃၄)ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားသို့ အချိန်မီကြွရောက်ရန် သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များကို ပင့်စာများကို ဆက်ကပ်ပေးပို့မည်ဖြစ်ပြီး ပင့်စာများကို အချိန်မီ မရရှိပါကလည်း ကြွရောက်တော် မူပါရန်နှင့် မတ်လ ၁၀ ရက် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း နေပြည်တော်၊ ဥပ္ပါတသန္တိ စေတီတော်ကြီး၏ ရင်ပြင်တော်အရှေ့တောင်ထောင့်ရှိ ဓမ္မာရုံသို့ ဆက်သွယ်သတင်းပေးပို့ကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်