၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၃/၂ဝ၂ဝ)ဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
၂။ နိုင်ငံတော်သမ္မတက လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း အားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့မှာ “ကျွဲကူးရေပါ” ဆိုသလို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို အထူးထိန်းသိမ်းပေး စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၃။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများ ဖောက်ဖျက်ခံရခြင်း၊ နိုင်ငံတော်က ပါဝင်ချုပ်ဆိုထားသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်(CRC)၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (CRPD) နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICESCR) တို့ပါ လူ့အခွင့်အရေးများကို ဖောက်ဖျက်ခြင်းခံရပါက ကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူတစ်ဦးအတွက် ဖြစ်စေ၊ လူတစ်စုကို ကိုယ်စားပြု၍ဖြစ်စေ “ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့" သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လူကိုယ်တိုင်ဖြစ်စေ အောက်ပါအချက်အလက်များ ပြည့်စုံစွာဖော်ပြလျက် တိုင်ကြားခြင်းများ ပြုလုပ်နိုင်ပါသည်
(က) တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ(ဆက်သွယ်ရန် ဖုန်း/လက်ကိုင်ဖုန်း၊ Fax နှင့် email တို့ရှိလျှင်) ထည့်သွင်းဖော်ပြရန်၊
(ခ) တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရကြောင်း အချက်အလက်များဖြင့် အမှုနှင့်သက်ဆိုင်သော အထောက်အထားများပူးတွဲလျက်ပြည့်စုံစွာဖော်ပြရန်၊
(ဂ) တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း ဝန်ခံချက် လက်မှတ်ရေးထိုးရန်၊
(ဃ) တိုင်တန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူပူးတွဲပေးပို့ရန်။ မှတ်ချက်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံမေးမြန်းပါမည်။
ရုံးခွဲများဖွင့်လှစ်ထားရှိခြင်း
၄။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံးခွဲများကို အောက်ပါမြို့များတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသဖြင့် အဆိုပါရုံးခွဲများသို့လည်း ပေးပို့တိုင်ကြားနိုင်ပါသည်-
(က) နေပြည်တော်ရုံးခွဲ။ သဇင်လမ်းနှင့် ဇော်ဂျီလမ်းထောင့်၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
(ခ) မန္တလေးရုံးခွဲ။ ကမ်းနားလမ်း၊ ၃၄ လမ်းနှင့် ၃၅လမ်းကြား၊ ဒေဝန်းအနောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
(ဂ) စစ်တွေရုံးခွဲ။ ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၊စစ်တွေမြို့။
၅။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် တိုင်တန်းချက်များအား စုံစမ်း စစ်ဆေးပြီးသည့်အခါ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာ အစိုးရဌာနများ၊ အဖွဲ့အစည်းများသို့ လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် ပေးပို့သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်မှုကိုလည်း ကော်မရှင်က ကော်မရှင်ဥပဒေနှင့်အညီ စောင့်ကြည့်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်