Skip to main content

ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနေ့ အခမ်းအနား ပြင်ဆင်ထားမှုများနှင့်ပတ်သက်၍ စကားသံများ

ဧရာဝတီတိုင်းဒေသကြီးအဆင့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ၂၀၂၀ ပြည့်နှစ် တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရန် ဝါးဒူးကျေးရွာ၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးလှမိုးအောင်

(ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်)

ကျွန်တော်တို့တိုင်းက စိုက်ပျိုးရေးတိုင်း ဖြစ်တယ်။ စိုက်ပျိုးရေးကိုစနစ်တကျ လုပ်ချင်တယ်။ စနစ်တကျလုပ်ရင် ငွေအများကြီး ရနိုင် တာကို တောင်သူတွေ အရင်ထက်ပိုပြီး စိတ်ဝင် စားအောင်၊ ထွက်တဲ့သီးနှံတွေ အရည်အသွေးနဲ့ အရေအတွက်ကောင်းအောင် ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ တောင်သူတွေနဲ့ ပူးပေါင်းပြီး ထဲထဲဝင်ဝင် ဆောင်ရွက်နေတာကို ကျန်တဲ့တောင်သူတွေ သိအောင် တောင်သူ လယ်သမားနေ့မှာ ခေါ်ပြီးတော့ ကျွန်တော်တို့ လုပ်ခဲ့တာတွေပြမယ်။ ပြီးတော့ တောင်သူတွေထဲက ထူးထူးချွန်ချွန်လုပ်တဲ့သူတွေကိုလည်း သူတို့အားကျလာအောင် ဆုပေးမယ်။ ဝန်ထမ်းတွေထဲက တကယ် ထူးထူးချွန်ချွန်လုပ်ခဲ့တဲ့ သူတွေကိုလည်း ဆုပေးဖို့ ရည်ရွယ်ပါတယ်။ ၂၆ မြို့နယ် အားလုံးက ပါဝင်ကြအောင်လည်း ကြိုးစားထားပါတယ်။

ဒီပွဲ လုပ်ရခြင်း ရည်ရွယ်ချက်ကိုတော့ မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့်လေး တောင်သူတွေ၊ ပြည်သူတွေ သိစေချင်တယ်။ သိအောင်လည်း ကျွန်တော်တို့ လုပ်နေတယ်။ ကျွန်တော်တို့အစိုးရကို တောင်သူတွေ အားကိုး နိုင်အောင်၊ သီးနှံအထွက်နှုန်း တိုးလာအောင်၊ အရည်အ‌သွေးကောင်းအောင် အပြောမဟုတ် ဘဲ ကျွန်တော်ကိုယ်တိုင် ၂၆ မြို့နယ်ကို လက်တွေ့ သွားလာပြီး ဆောင်ရွက်နေသလို ကိုယ့်မြေကြီးကို တကယ်တန်ဖိုးထားပြီး စနစ် တကျလုပ်မယ်ဆိုရင် မြေကြီးက ရွှေသီးနိုင် တယ်ဆိုတာ မေ့မနေပါနဲ့လို့ တောင်သူတွေကို ထပ်ပြီးတော့ ပြောချင်ပါတယ်။

ဦးတင်အောင်ဝင်း(တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး)

အခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားမှာ ကျွန်‌တော်တို့က သူတို့ ပိုပြီး ကြိုးစားချင်စိတ်၊ ဝင်ငွေတိုးသထက် တိုးအောင် လုပ်ကိုင်ချင်စိတ်တွေ ပေါ်လာအောင် ဘာတွေအကူအညီပေး နေတယ်၊ ဘယ်လို နည်းလမ်းတွေ နည်းပညာတွေကို လိုက်နာမယ်ဆိုရင် ထိုက်ထိုက်တန်တန် အကျိုးခံစားရမယ် ဆိုတာတွေကို သူတို့ကို ပညာပေးတာတွေ ဆွေးနွေးတာတွေ ဆောင်ရွက်မှာဖြစ်ပါတယ်။

အရည်အသွေးကောင်းတဲ့၊ ဈေးကွက်မှာ ဈေးကောင်းရမယ့်၊ မျက်နှာပန်းလှမယ့် သီးနှံ တွေဖြစ်ဖို့ ဘယ်လို စိုက်ပျိုးနည်းစနစ်တွေ သုံးမယ်၊ ဘယ်လို မျိုးကောင်းမျိုးသန့်တွေ သုံးစွဲရမယ်၊ ရိတ်သိမ်းတဲ့အခါမှာလည်း ဘယ်လို စက်ကိရိယာတွေသုံးပြီး ဘယ်လို ရိတ်သိမ်းမယ်၊ သိုလှောင်သိမ်းဆည်းပြီး ဈေးကွက်ကို တင်ပို့တဲ့အခါမှာ ဘယ်လို ဆောင်ရွက်ရမယ် စသည်ဖြင့် သူတို့ထုတ်လုပ်လိုက်တဲ့ သီးနှံတွေ အရည်အသွေးကောင်း ရရှိဖို့အတွက် စိုက်ပျိုး ထုတ်လုပ်မှုအဆင့်ဆင့်မှာ ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ပညာပေး ပြသသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း လက်တွေ့ ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်။

ဦးမျိုးဇော်

(တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး)

တောင်သူလယ်သမားများရဲ့ လူမှုရေး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဟာ အဓိက အခန်း ကဏ္ဍမှ ပါဝင်နေတာကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ စိုက်ပျိုးရေးဦးစီး ဌာနမှ ဝန်ထမ်းတွေက တောင်သူ နည်းပညာ ပေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။

တိုင်းဒေသကြီးအတွင်း အများဆုံး နေထိုင်တဲ့ တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လည်းကောင်း၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ စိုက်ပျိုးရေးနည်းပညာ တွေကို လိုက်နာကျင့်သုံးပြီး တောင်သူအချင်းချင်း နည်းပညာပြန့်ပွားအောင် ဆောင်ရွက် ပေးနိုင်တဲ့ ထူးချွန်တောင်သူများနဲ့ တောင်သူ နည်းပညာပေးလုပ်ငန်းများမှာ တက်ကြွစွာ စည်းရုံး နည်းပညာပေး ဆောင်ရွက်ခဲ့ကြတဲ့ ထူးချွန်ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ လည်းကောင်း တိုင်းဒေသကြီးအနှံ့မှ တက် ရောက်လာမယ့် တောင်သူလယ်သမား ကိုယ် စားလှယ်များရှေ့မှာ ထူးချွန်ဂုဏ်ပြုဆုတွေ ချီးမြှင့်မှာဖြစ်ပါတယ်။ ဒီလို ဂုဏ်ပြုချီးမြှင့်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမှာ တောင်သူ လယ်သမားများ ပိုပြီး ပူးပေါင်းပါဝင် ဆောင် ရွက်လာစေဖို့ ရည်ရွယ်ပါတယ်။

ဦးဝင်းမြင့်(တိုင်းဒေသကြီး လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး)

တောင်သူလယ်သမားနေ့ အခမ်း အနားမှာ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေနဲ့ ကုမ္ပဏီ/အဖွဲ့အစည်းများက ပြန်လည် စွန့် လွှတ်လိုက်တဲ့ လယ်ယာမြေတွေကို တောင်သူ လယ်သမားများအတွက် ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)တွေ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်းက ဓနုဖြူ၊ မအူပင်၊ ရေကြည်နဲ့ ကျောင်းကုန်း မြို့နယ်လေးခုထဲက ကျေးရွာအုပ်စု ခုနစ်စု၊ ရပ်ကွက် သုံးခုမှာ ကုမ္ပဏီ/အဖွဲ့အစည်း ခြောက်ခုမှ ပြန်လည်စွန့်လွှတ်တဲ့ မြေဧရိယာ ၂၉၆၅ ဧကကို တောင်သူ ၆၃၉ ဦးထံ ယာယီ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များ ပေးအပ် သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တောင်သူလယ်သမားနေ့ အခမ်းအနားမှာလည်း အခုနှစ်လိုပဲ တပ်ရင်း၊ တပ်ဖွဲ့၊ ကုမ္ပဏီ/အဖွဲ့အစည်းတွေက ပြန်လည်စွန့်လွှတ်တဲ့ မြေတွေအတွက် (ပုံစံ-၃)တွေကို နိုင်ငံတော် ဒုတိယသမ္မတကိုယ်တိုင် တက်ရောက်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

ဦး‌နေစိုး(တောင်သူ၊ ဝါးဒူးကျေးရွာ)

ကျွန်တော်ရဲ့ လယ်မြေဧက ၇၀ မှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်နေပါတယ်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ လယ်ဧက ၃၀ ခန့်မှာ မျိုးသန့်ထုတ်လုပ်ခြင်းကိုလည်း နှစ်စဉ် ဆောင်ရွက်နေပါတယ်။

ကျွန်တော်တို့ရွာမှာ အခုလို တောင်သူ လယ်သမားနေ့ အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ဆောင်ရွက်ပေးတဲ့အတွက်လည်း ဝမ်းသာကြည်နူးမိပါတယ်။ တောင်သူတွေဘဝ တိုးတက်ကြီးပွားရေး အတွက် အလေးထားပြီး ဆောင်ရွက်ပေးတဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ နည်းပညာအဆက်အသွယ်ရမယ့် လယ်ယာသုံး စက်ကိရိယာ ပြခန်းတွေ၊ သီးနှံတွေ အရည် အသွေးကောင်းဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်မှာ ဆောင်ရွက်ရမယ့် နည်းစနစ် တွေကို ပညာပေး ဆွေးနွေးတာတွေ ပါဝင် မယ်လို့လည်း သိရပါတယ်။ လယ်ယာသုံး စက်ပစ္စည်းဆိုင်များနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ စက်ကိရိယာတွေကို လေ့လာဝယ်ယူနိုင်သလို သီးနှံအရည်အသွေးကောင်းဖို့ အတွက် လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကိုလည်း သိရှိ လေ့လာခွင့်ရလာမှာဖြစ်တဲ့အတွက် အခမ်း အနားကို တက်ရောက်လာကြမယ့် တောင်သူ‌တွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။ ။

တွေ့ဆုံမေးမြန်းသူ - မောင်မောင်မြင့်၊ နန်းထိုက်၊ လှမင်းထွဋ်(ပြန်/ဆက်)