၁။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၃/ ၂၀၂၀) ဖြင့် အဖွဲ့ဝင် (၁၁) ဦးပါဝင်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။
၂။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြန်လည်ဖွဲ့စည်း သည့်အချိန်မှစ၍ ကော်မရှင်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ ဥပဒေအမှတ် (၂၁/ ၂၀၁၄) တွင် ပြဋ္ဌာန်းပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် စတင်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ကော်မရှင်၏ ဆောင်ရွက်ချက်များအနက် လူ့အခွင့်အရေး သင်ခန်းစာများပို့ချခြင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တို့တွင် သစ်တောဦးစီးဌာန ဝန်ထမ်းများအတွက် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ မန္တလေး ဗဟိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အကျဉ်းဦးစီးဌာန ကုန်ထုတ်အလုပ်စခန်း (၅) ခု၊ ဆေးရုံ အချုပ်ခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံးအချုပ်ခန်းများအား ကြည့်ရှု စစ်ဆေးခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်အကျဉ်းထောင်၊ ပေါင်းတည် အကျဉ်းထောင်၊ ဆေးရုံအချုပ်ခန်း၊ ရဲစခန်းအချုပ်ခန်းများနှင့် တရားရုံး အချုပ်ခန်းများသို့ ကြည့်ရှုစစ်ဆေးခြင်း၊ ကော်မရှင် ပြန်လည်ဖွဲ့စည်းခဲ့ သည့်အချိန်မှစ၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် စပ်လျဉ်းသည့် တိုင်တန်းစာ (၁၄၇) စောင်ကို စိစစ်ဆောင်ရွက်ခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များ ကို အကြံပြုချက်များနှင့်အတူ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ ခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မရှင်၏ သဘောထား မှတ်ချက်များကို ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပေးပို့ခြင်းတို့ ဖြစ်ပါသည်။
၃။ ကော်မရှင်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၏ ဌာနေကိုယ်စားလှယ် Mr. Gordon Johnson ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ Democracy Reporting International (DRI) အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) မှ ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ်ကြီးတို့နှင့် လူ့အခွင့်အရေး နယ်ပယ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
၄။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရန်နှင့် လက်ရှိ လူ့အခွင့်အရေး အခြေအနေများ ဖြစ်နိုင်သမျှ တိုးတက်ကောင်းမွန်စေရန်အလို့ငှာ ကော်မရှင်သည် လူ့အခွင့်အရေးနယ်ပယ်တွင် ဆောင်ရွက်လျက် ရှိသော တရားဝင် ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပိုမိုထိတွေ့ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားရှိပါသည်။
၅။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက် လူ့အခွင့်အရေး နယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသော တရားဝင်ဖွဲ့စည်းထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ အနေဖြင့် အောက်ပါ အချက်များကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ email: dydirectormnhrc @gmail.com နှင့် Fax: ၀၁-၆၅၄ ၆၇၀ သို့ ပံ့ပိုးပေးပါရန် ကော်မရှင်အနေဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်-
(က) ဆက်သွယ်ရမည့် အချက်အလက်များ အပါအဝင် အဖွဲ့အစည်း အမည်နှင့် ဆောင်ရွက်သည့် လုပ်ငန်းများဆိုင်ရာ ဖော်ပြချက်၊
(ခ) အဖွဲ့အစည်း၏ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုအစီအစဉ်များနှင့် တာဝန်နှင့် လုပ်ငန်းအစီအစဉ်များ ဖော်ပြပါရှိသော အချက်အလက် စာရွက်စာတမ်းများ၊
(ဂ) အဖွဲ့အစည်း၏ စီမံဆုံးဖြတ်မှုလုပ်ငန်းစဉ်ဆိုင်ရာ သတင်း အချက်အလက်များ၊
(ဃ) အဖွဲ့အစည်း၏ ပဋိညာဉ်စာချုပ်စာတမ်း သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့် အဖွဲ့အစည်း မှတ်ပုံတင်စာရွက်စာတမ်း မိတ္တူများ၊
(င) အဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာ အဖွဲ့ဝင်စာရင်း၊
(စ) အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နှင့် မည်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း အဆိုပြုချက်များ ဖော်ပြထားသည့် အချက်အလက် စာတမ်း၊
(ဆ) အဖွဲ့အစည်း၏ အဓိကကျွမ်းကျင်မှု သို့မဟုတ် လူ့အခွင့်အရေး နှင့် အခြေခံလွတ်လပ်ခွင့်များ မြှင့်တင်ကာကွယ်ရာတွင် ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံနှင့် စွမ်းဆောင်ရည် သတင်း အချက်အလက်များ (ရှိမည်ဆိုပါက)။
၆။ ကော်မရှင်သည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ၊ မြှင့်တင် ကာကွယ်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်သည့် အခါများတွင် ကော်မရှင်မှရရှိသည့် အထက်ဖော်ပြပါ အချက်အလက်များကို အခြေခံ၍ အသင့်တော်ဆုံး အဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဤနည်းလမ်း အားဖြင့် အဆိုပါအဖွဲ့အစည်းများအနေဖြင့် ကော်မရှင်၏ ဖော်ပြပါ ဆောင်ရွက်ချက်များတွင် လိုအပ်ပါက အပြည့်အဝ ပါဝင်ဆောင်ရွက်ရန်အတွက် အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်ပါသည်။
၇။ ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် လူမှုအဖွဲ့အစည်း များ၏ အများစုကိုယ်စားပြုပါဝင်မှုကို အတိုင်းအတာ တစ်ရပ်အထိ ရရှိနိုင်စေမည် ဖြစ်ပြီး မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ မြှင့်တင်ကာကွယ်ရာတွင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း အားလုံးအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်နိုင်သော စွမ်းဆောင်ရည် ပြည့်ဝသည့် ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို ဖန်တီးနိုင်မည်ဟု ကော်မရှင်က ယုံကြည်ပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်