(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့ခဲ့သည့်သဝဏ်လွှာတွင် “မိမိတို့ ပြည်သူပြည်သားများ၏စွမ်းပကားဖြင့် နိုင်ငံတော် တိုးတက်အောင် ဆက်လက်ဆောင်ရွက်ကြပါစို့” ဟု တိုက်တွန်း ထားသည်။ ပြည်သူ ပြည်သားများ၏ စွမ်းပကားဆိုသည်မှာ ကာယအား၊ ဉာဏအားအသိဉာဏ်ပညာကို အခြေခံသည့်အားဖြစ်သည်။ ထိုပြည်သူပြည်သားများ၏ အသိဉာဏ်ပညာစွမ်းပကားဖြင့် မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်း တည်ဆောက်ကြ ဖို့ဖြစ်သည်။
အသိဉာဏ်ပညာဟူသည် ပညာကိုအခြေခံ၍ ဖြစ်ပေါ်လာသည်။ ပညာသည် လောကဓံနှင့် ကြုံတွေ့ရသည့်အခါ အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်စေမည့် စိတ်ဓာတ်နှင့် ရုပ်လက္ခဏာများကို တည်ဆောက်ပေးသည်။ အသိဉာဏ်ပညာ ဆင်ခြင်တုံတရားရှိလျှင် မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်တတ်မည်။ ချမ်းသာ အောင် ကြိုးစားအားထုတ် နိုင်တတ်မည်ဖြစ်သည်။ ထို့ကြောင့် “ပညာတတ်များ ပေါကြွယ်ဝရေး၊ ပညာကိုအခြေခံသည့်အသိပညာ၊ အတတ်ပညာ ရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာစေရေး ဆက်လက်ဆောင်ရွက်ကြပါမည်။ မိမိတို့ပြည်သူပြည်သားများ၏ စွမ်းပကားဖြင့် နိုင်ငံတော်တိုးတက်အောင် ဆက်လက် စွမ်းဆောင်ကြပါစို့” ဟု သ၀ဏ်လွှာတွင် နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းထားသည်။
ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများ သည်လည်း ပညာဖြင့် မိမိတို့နိုင်ငံကို မိမိတို့တည်ဆောက်နေကြသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာသည်သာ အခရာ” ဖြစ်သည်။ မိမိဘ၀ တိုးတက်မြင့်မားရေး၊ ကောင်းမွန်ရေးတွင်လည်း ပညာသည်သာ အခရာဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံအား ပို၍တိုးတက်လာအောင် ပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ပညာကိုအခြေပြုလျက် နိုင်ငံတော်တည်ဆောက်ရေး (state Building) နှင့် တိုင်းပြည်တည်ဆောက်ရေး (Nation Building) ကိုဆောင်ရွက်နိုင်မှ ခေတ်နှင့်အညီ၊ ကမ္ဘာနှင့်အမီ ရင်ပေါင်တန်း လျှောက်လှမ်းနိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထား သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အကျိုးစီးပွားအတွက် ပညာရေးကိုအလေးထား မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းသား ကျောင်းသူ ကလေးသူငယ်များ ပညာရေးနှင့် မဝေးစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပိတ်ထားရသော အခြေခံပညာကျောင်းများကို အခက်အခဲ အနှောင့်အယှက်များကြားမှ မဖြစ်မနေ ကြိုးစားဖွင့်လှစ်ပေးခဲ့ပြီး ယခုရက်ပိုင်းတွင် အဆင့်မြင့် ပညာကျောင်းများ နေ့သင်တန်းများ ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ပိတ်ထားရသည့် ကျောင်းများ အားလုံးကို ယခုအခါ ပညာသင်ကြားမှု ဆုံးရှုံးနစ်နာမှုမဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၆၆ ၌ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်” ဟု ပြဋ္ဌာန်းထား သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ပြဋ္ဌာန်းချက်နှင့်အညီ ကလေးသူငယ်တိုင်းအား မဖြစ်မနေ ပညာသင်ကြားနိုင်ရန် အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းတက်နိုင်ရန် Kg+9 (အခြေခံ ပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ Kg+9 အဆင့်အထိ အခြေခံပညာရေး ပြီးဆုံးလျှင် အထက်တန်းပညာ၊ အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုခြင်းမရှိပါက အသက်မွေးဝမ်းကျောင်းပညာ တစ်မျိုးမျိုးကို အနည်းဆုံးဆက်လက်သင်ယူ နိုင်မည်ဖြစ်သည်။
သို့မှသာ နိုင်ငံသားတိုင်း၊ အရွယ်ရောက်သူ နိုင်ငံသူ နိုင်ငံသားတိုင်း မိမိတို့ဘဝ တိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသော အသိပညာ၊ အတတ်ပညာများကို ရရှိနိုင်မည်ဖြစ်သည်။ ပညာဖြင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးအတွက် တစ်တပ်တစ်အား ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူ အားလုံးအနေဖြင့် နိုင်ငံတော် အစိုးရက ပညာရေးကို အားပေးမြှင့်တင်ပေးသည့်နည်းတူ အသိပညာ၊ အတတ်ပညာ တတ်မြောက်ကြသည့် အသိဉာဏ်ဆင်ခြင်တုံတရားမြင့်မားသော လူသားအရင်းအမြစ်များ အစဉ်မပြတ် ပေါ်ထွန်းလာအောင် တက်ကြွစွာဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ ။