Skip to main content

ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်

နေပြည်တော် မတ် ၁

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက် ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အား လိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စီမံကိန်းတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီမြစ်ကူး တံတား(ဗိုလ်မြတ်ထွန်း) ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက တာဝန်ယူ တည်ဆောက်နေသည့် ဧရာဝတီမြစ်ကျော် တာဝါတိုင်ငါးတိုင်၏ Bored Pile Foundation ဆောင်ရွက်နေမှုများနှင့် မြစ်ကျော် တာဝါတိုင်တည်ဆောက်မှုလုပ်ငန်း ၇၂ ရာခိုင်နှုန်းပြီးစီးမှုများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများက ၂၃၀ ကေဗွီ လှိုင်သာယာ- အသုတ် ဓာတ်အားလိုင်း ၇၃ မိုင်ကို ၂၀၀၅ - ၂၀၀၆ ဘဏ္ဍာရေးနှစ်၌ စုစုပေါင်းငွေကျပ်သန်း ၁၄၆၀၀ ဖြင့် တည်ဆောက်ခဲ့မှု၊ စတင်တည် ဆောက်ခဲ့သည်မှ ၁၅ နှစ်တာကာလ အတွင်း ဧရာဝတီမြစ်သည် မူလရေစီးကြောင်းမှ တစ်မိုင်ခန့် ပြောင်းရွှေ့လာမှု၊ ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပါးပြို၍ တာဝါတိုင် များ ထိခိုက်ပျက်စီးပြီး ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ရေလမ်းကြောင်း ပြောင်းလဲမှု မရှိသည့် ဗိုလ်မြတ်ထွန်းတံတားအနီး မြစ်ကျော်တာဝါတိုင် တည်ဆောက်ရန် ရွေးချယ်ခဲ့မှု၊ ယခု တည်ဆောက်နေသော ဓာတ်အားလိုင်းအူကြောင်း ၁၇ မိုင် ခန့်ကို စီမံကိန်းကုန်ကျစရိတ် ငွေကျပ်သန်းပေါင်း ၁၇၉၄၀ ခန့်ဖြင့် ပြောင်းလဲတည်ဆောက်နေမှု၊ ဓာတ်အားလိုင်း တည်ဆောက်သည့် ဧရိယာအတွင်း ကျရောက်သည့် လယ်ယာမြေများအတွက် သီးနှံ လျော်ကြေးများပေးရန် ဆောင်ရွက်ထားရှိမှု၊ Normal တာဝါတိုင် ၇၂ တိုင် တည်ဆောက်ခြင်း လုပ်ငန်း ၂၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဇွန်လအတွင်း စီမံကိန်းပြီးစီးအောင် ကြိုပမ်းဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၄ နာရီ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေးအတွက် ယခုဓာတ်အားလိုင်းသည် အရေးပါသည့် မဟာဓာတ်အားလိုင်း ဖြစ်ကြောင်း၊ မိုးတွင်းကာလ မြစ်ရေတိုက်စားပြီး ဓာတ်အားလိုင်း ပျက်စီးမှု ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် လုပ်ငန်းများကို မိုးမကျမီ အချိန်ကိုက်ပြီးစီးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးများ ပေးအပ်ရာတွင် စနစ်တကျ စိစစ်တွက်ချက်၍ ရသင့် ရထိုက်သူများထံသို့ ဆောလျင်စွာ ပေးအပ်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီမြစ်အတွင်း မြစ်ရေတိုက်စားမှုကြောင့် မြစ်အတွင်းရောက်ရှိနေသည့် တာဝါတိုင်အမှတ် ၁၄၈ (RCS-3)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေသော Normal Tower Foundation လုပ်ငန်းများဆောင်ရွက်နေမှုများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ဧရာဝတီမြစ်ကျော် Bored Pile Foun-dation တာဝါတိုင်ငါးတိုင် တည်ဆောက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရန်ကုန် - ပုသိမ် လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် လမ်းနယ်မြေနှင့် မလွတ်ကင်းသော ၃၃ ကေဗွီဓာတ်အားလိုင်း ၀ ဒသမ ၉ မိုင်၊ ၁၁ ကေဗွီဓာတ်အား လိုင်း ၁၃ ဒသမ ၉၃ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၂ ဒသမ ၄၆ မိုင်နှင့် ထရန်စဖော်မာ ၁၁ လုံးတို့ကို လမ်း နယ်နိမိတ်နှင့် လွတ်ကင်းသောနေရာသို့ အမြန်ပြောင်းရွှေ့ တည်ဆောက်နိုင်ရေး မှာကြားသည်။

သတင်းစဉ်