Skip to main content

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဟိုဂျစ်ကျေးရွာနှင့်ဟိုစဲ့ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်

မယ်စဲ့ မတ် ၂

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယမန်နေ့က ဟိုဂျစ်ကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အစိုးရဖွဲ့အနေဖြင့် ကျေးလက်နေ ပြည်သူများအတွက် လမ်တံတား၊ လျှပ်စစ်မီး၊ ရေရှိရေးအစရှိသည့် အခြေခံလိုအပ်ချက်များကို အဓိကဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်စေလိုကြောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများက အမြင်ကျယ်ကျယ်ဖြင့် ပူးပေါင်းပါဝင်စေလိုကြောင်း၊ လိုအပ်ချက်များ ပြည့်စုံနိုင်ရေးအတွက် အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာ ပူးပေါင်း၍ စည်းလုံးညီညွတ်စွာဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ရိုင်းပင်းစေလိုကြောင်း၊ ပြည်ထောင်စုကြီး ပိုမိုခိုင်မြဲအောင် နောင်လာ နောက်သားများကို ကောင်းမွန်မှန်ကန်သည့် အမွေကောင်းများကို လက်ဆင့်ကမ်း ပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုဂျစ်ကျေးရွာနှင့် ဟိုစဲ့ကျေးရွာတို့မှ ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟိုဂျစ်ကျေးရွာ ဘုရားကျောင်း တိုးချဲ့ဆောက်လုပ်ရန်အတွက် ငွေကျပ်(၅)သိန်း၊ ဟိုစဲ့ကျေးရွာ ခန်းမဆောင်အတွက် လိုအပ်သောထိုင်ခုံ အလုံး(၁၃၀) ဝယ်ယူရန် ငွေကျပ်(၈)သိန်းနှင့် ဟိုစဲ့မူကြိုကျောင်းဆင်းပွဲအတွက် ငွေကျပ်(၂)သိန်း တို့ကို သက်ဆိုင်ရာ ကျေးရွာတို့မှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)