မယ်စဲ့ မတ် ၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ (၂) ထပ် ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့မိမြို့ဖ ဦးခင်မောင်ဌေးတို့က မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်မှာစကား ပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ အနေနှင့် အိမ်နီးချင်း နိုင်ငံများထက် မနိမ့်ကျအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများမှ ထဲထဲဝင်ဝင် ပူးပေါင်း ပါဝင်ခြင်းဖြင့် အောင်မြင်မှုရဲ့ အသီးအပွင့်များကို ခံစားရမှာ ဖြစ်ကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပြည်သူ၊ ဌာနတို့ ဟန်ချက်ညီညီ ပူးပေါင်းဖော်ဆောင်ခဲ့သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြုသဘောမျိုးဖြင့် ပြုပြင်ပြောင်းလဲစေလိုကြောင်း၊ ဒီမိုကရေစီအရွေ့ကို လျှောက်လှမ်းရာတွင် အမြော်အမြင်ရှိစွာဖြင့် မှန်ကန်စွာ လျှောက်လှမ်းစေလိုကြောင်းနှင့် ဆေးရုံကြီးရေရှည်တည်တံ့ ခိုင်မြဲအောင် အားလုံး ပူးပေါင်း၍ မေတ္တာ စေတနာထားကာ တက်ညီလက်ညီ၊ ဟန်ချက်ညီညီနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တိုးချဲ့လူနာ(၂)ထပ်ဆောင် ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုးချဲ့လူနာ (၂) ထပ် ဆောင်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအက အဖွဲ့ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေကျပ် (၂)သိန်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆေးရုံသစ်အတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသောလူနာများအား အလှူငွေများ ထောက်ပံ့ လှူဒါန်းခဲ့ ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)