Skip to main content

မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကယားပြည်နယ်အသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကျင်းပ

လွိုင်ကော်   မတ် 

‘’မူပိုင်ခွင့်နှင့် တင့်မည့်မြန်မာ” မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကယားပြည်နယ် အသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကို ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် နောင်းယားကန်သာအနီးရှိ YGN FOOD HOUSE ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးမော်မော် က မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံဖြစ်သည့်နှင့်အညီ မူပိုင်ခွင့်ဥပဒေများ လိုက်နာခြင်းမှာ အားနည်းနေတဲ့အတွက် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ပညာပေး ဆွေးနွေးပွဲများကို လူထုအလွှာကြား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာဖြစ်သလို မူပိုင်ခွင့်ကိုအသုံးပြုပြီး ဒေသထုတ်ကုန် အရင်းအမြစ်များကို ပထဝီဆိုင်ရာအညွှန်း ရရှိနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း အဖွင့်အမှာ စကားတွင် ပြောကြားသည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက မူပိုင်ခွင့်အသင်းခွဲ ဖွဲ့စည်းရာတွင် ဒေသခံများရဲ့ ရိုးရာ ကို ထည့်သွင်းစေလိုကြောင်း အမှာစကား​ပြောကြားပြီး  MIPPA ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က မြန်မာနိုင်ငံမူပိုင်ခွင့် နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မူပိုင်ခွင့်ဥပဒေများနှင့် အကောင်အထည်ဖော်မူအခြေအနေ အကြောင်းအား မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုင်းသွယ် ကလည်းကောင်း ၊ မူပိုင်ခွင့်ဉပဒေရေးရာ အခြေခံသိမှတ်စရာများနှင့်ပတ်သက်သည့် အကြောင်းအရာအား MIPPA  အလုပ်အမှုဆောင် ဦးသန်းမောင် ကလည်းကောင်း ၊ အောင်မြင်သောလုပ်ငန်း ရှင်သန်သောကုန်အမှတ်တံဆိပ် နှင့် ပတ်သက်သည့် အကြောင်းအရာများအား MIPPA ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းအောင်က လည်းကောင်း ၊ မူပိုင်ခွင့်နှင့်မြန်မာ့ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်းအရာနှင့် ပတ်သက်၍ MIPPA ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဆွေဇင်ထိုက် ကလည်းကောင်း ၊ အသိဉာဏ်ပစ္စည်းနှင့်ပိုင်ဆိုင်သူများ အကြောင်းအရာအား  MIPPA အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်ဦး က လည်းကောင်း ၊ ပြုစုပျိုးထောင် ခေတ်သစ်လူ့ဘောင် အကြောင်းအရာအား MIPPA အလုပ်အမှုဆောင် ဦးမင်းသူ တို့က အသီးသီး ဟောပြော ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးဟောပြောချက်များနှင့် ပတ်သက်ပြီး တက်ရောက်လာကြသူများက သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်း ဆောင်ရွက်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသည် ကယားပြည်နယ်အတွင်းရှိ MSME  များအပါအဝင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ၊ စီးပွားရေးလုပ်ငန်း စတင်တည်ထောင်လိုသူများ ၊ ဥပဒေအကျိုးဆောင်များ ၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ရေးရာ စိတ်ဝင်စားသူများ အတွက်ရည်ရွယ်ပြီး တစ်ရက်တာ မိတ်ဆက်ရှင်းလင်းခြင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

ထွန်းလေး