Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ကချင်ပြည်နယ်၊ မချမ်းဘော့- ဖရူခ - ရပ်ဘော့ - နောင်မွန်းလမ်း နှင့် ရပ်ဘော့ - ပန်နန်းဒင် - ဒဇွန်ဒမ်းလမ်း တို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် ကချင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် တို့သည် မတ် ၁ ရက်တွင် မချမ်းဘော့ - ဖရူခ - ရပ်ဘော့ - နောင်မွန်းလမ်း တံတားအမှတ် (၃/၂၂) တာခ သံကူ ကွန်ကရစ်တံတား၏ ကြံ့ခိုင်မှု၊ ရေကြောင်းအခြေအနေများနှင့် ချဉ်းကပ်လမ်း ကွန်ကရစ်ခင်းထားမှုများအား ကြည့်ရှုစစ်ဆေး သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မဂွေဇ - ခေါင်လန်ဖူး လမ်းပေါ်တွင် တံတားအထူးအဖွဲ့ (၁) မှ တည်ဆောက် နေသော တံတားအမှတ် (၂/၁) မဂွေဇတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိခဲ့ကြပြီး တံတားရှင်းလင်းဆောင်တွင် တံတား အထူးအဖွဲ့(၁) တာဝန်ခံမှ တံတားဆိုင်ရာ အချက်အလက်များနှင့်တံတား တည်ဆောက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးရွှေလေး က တံတားဒီဇိုင်းနှင့်ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက တံတားရှင်းလင်းဆောင်မှ တံတားတည်ဆောက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး တံတား၏ Foundation လုပ်ငန်းများကို မိုးမကျမီအပြီး တည်ဆောက်သွားရန် မှာကြားသည်။ မဂွေဇတံတားသည် အရှည် မီတာ (၁၈၀) နှင့် အကျယ်(၉ ဒသမ ၄၅)မီတာရှိ (၂)လမ်းသွားတံတားဖြစ်သည်။ တံတားမှာ (၂ ဒသမ ၄)မီတာ Caisson အုတ်မြစ် ၊ Steel Plate Girder နှင့် အပေါ်ထည် သံကူကွန်ကရစ် တံတားအမျိုး အစားဖြစ်ပြီး ယခုအခါ  တံတား (၁)စင်းလုံး၏ (၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရပ်ဘော့ - ပန်နန်းဒင် - ဒဇွန်ဒမ်းလမ်း တစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပန်နန်းဒင်မြို့သို့ ရောက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပန်နန်းဒင် - ဒဇွန်ဒမ်းလမ်း ဖောက်လုပ်ရေး တာဝန်ခံတို့မှ လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေတို့ကို  ရှင်းလင်း တင်ပြကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဖောက်လုပ်နေသော ပန်နန်းဒင် - လုံနက် - ဒဟွန် ဒမ်းလမ်း မြေသားလမ်း လုပ်ငန်းများ ကို စက်ယန္တရားများဖြင့် ဆောက်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါလမ်းပေါ်ရှိ Box Culvert များနှင့်   တံတားများ  တည်ဆောက် ရမည့် နည်းလမ်းများကို မှာကြားသည်။

ဆက်လက်၍ ပန်နန်းဒင်မြို့အဝင်  ခါကာဘိုရာဇီ  ရေခဲတောင်မှ  စီးဆင်းလာသော  မေခမြစ်၏ မြစ်ဖျားခံရာ နမ့်တစ်မိုင်ချောင်း အား တံတားတည်ဆောက်ရန်အတွက် တံတား နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတား Alignment အား အတည်ပြုသတ်မှတ် ပေးခဲ့ ကြောင်း သိရသည်။  

(သတင်းစဉ်)