ပုသိမ် မတ် ၂
တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်.။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က မြန်မာနိုင်ငံသည် လယ်ယာကဏ္ဍကို အားထား နေရသည့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီး ဖြစ်သည်နှင့်အညီ မိုးစပါး၊ နွေစပါး စုစုပေါင်းစိုက်ဧက ၅၁ သိန်းကျော် စိုက်ပျိုး လျက်ရှိကြောင်း၊ အဓိကသီးနှံ စပါးအပြင် ပြည်ပပို့ကုန် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံစသည့် အမယ်စုံသီးနှံများ လည်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ ဌာနဆိုင်ရာ အားလုံး တောင်သူလယ်သမားများနှင့် ပူးပေါင်းလက်တွဲပြီး စားနပ်ရိက္ခာ ဖူလုံရေး၊ အာဟာရပြည့်ဝမှုနှင့် အစားစာဘေးအန္တရာယ် ကင်းရှင်းမှုတို့ တိုးတက်လာ စေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေးများ ပြည့်ဝစွာ ရရှိခံစားနိုင်စေရန်နှင့် အကျိုးစီးပွားမြင့်မားလာစေရန် ဧရာဝတီ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်တောင်သူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်း လွှာနှင့်ဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဓနုဖြူ၊ မအူပင်၊ ရေကြည်၊ ဒေးဒရဲနှင့် ကျောင်းကုန်းမြို့နယ်တို့မှ စွန့်လွှတ်မြေများ တောင်သူများလက်ဝယ်သို့ လုပ်ပိုင်ခွင့်ပြု လက်မှတ်များပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများက တောင်သူများအား လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့နောက် စွန့်လွှတ်မြေများ လုပ်ပိုင်ခွင့်ပြုလက်မှတ် လက်ခံရရှိသည့် တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားပြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူ များသည် အခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လယ်မြေပေါ်တွင် ကောင်းကင် မျိုးစေ့ကြဲ ကိရိယာဖြင့် မျိုးစေ့ကြဲပက်ခြင်း၊ ကောင်းကင် ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းပြသ ခြင်းတို့ကို ကြည့်ရှုကြသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ် အကုန်အထိ ဧကပေါင်း (၈၉၉၂)ဧကအား တောင်သူများလက်ဝယ်သို့ ပြန်လည် လွှဲပြောင်း၍ လုပ်ပိုင်ခွင့် လက်မှတ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် တောင်သူ (၆၃၉)ဦးအတွက် (၂၉၆၅)ဧက အား လုပ်ပိုင်ခွင့် လက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် (၂၆) မြို့နယ်မှ တောင်သူ (၃၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
(သတင်း-သီသီမင်း၊မင်းသစ်/ဓာတ်ပုံ-နေလင်း)