Skip to main content

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ သုံးရက်ကြာကျင်းပမည်

နေပြည်တော် ဇန်နဝါရီ ၁၃

စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကျင်းပရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သုံးရက်ကြာကျင်းပရန်စီစဉ်

ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ယခင် က ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက် နှစ်ရက်တည်းသာ ကျင်းပရန် လျာထားခဲ့သော်လည်း ယခုအခါ တစ်ရက် ထပ်မံတိုး၍ ဇန်နဝါရီ ၃၁ ရက်အထိ သုံးရက်ကြာ ကျင်းပရန် စီစဉ်ထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ၊ ဝန်ထမ်းမိသားစုများ လာရောက်လေ့လာနိုင်ရေး စီမံဆောင် ရွက်ထားပြီး ယခင်လျာထားသော ပြခန်းများအပြင် သိပ္ပံနှင့်နည်းပညာဆိုင်ရာပြခန်း၊ လေကြောင်းပညာရပ်ဆိုင်ရာပြခန်း၊ ရေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ ကျန်းမာ ရေးဆိုင်ရာ ပြခန်းများကိုလည်း တိုးချဲ့ထည့်သွင်းပြသရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုပွဲတော်အား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်သည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အားဖြင့် အခမ်းနားဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားမည် ဖြစ်ရာ ဝန်ကြီးဌာန အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူးက ပွဲတော်ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအခြေအနေ၊ ပြခန်းများ /လှုပ်ရှားမှုများ အတွက် နေရာချထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ပူးပေါင်းဆောင်ရွက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ခင်းကျင်းပြသမည့် ပြခန်းကို လူငယ်များအတွက် လွယ်လွယ်ကူကူ သိမြင်နိုင်စေရန်၊ ပျော်ရွှင်စေရန်၊ ပညာရပ်ဆိုင်ရာများ သိရှိစေရန်ရည်ရွယ်၍ ခင်းကျင်းပြသ သွားမည်ဖြစ်ပါကြောင်း၊ လူငယ်နှင့် စာပေပွဲတော် သည် အနာဂတ် မျိုးဆက်လူငယ်များအား အသိပညာရရှိစေမည့် ပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပွဲတော်သို့လာရောက်သည့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ၊ ဝန်ထမ်းများအား မိမိတို့ဝန်ကြီး ဌာနအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင်များ၏ လေ့ကျင့်နေမှုနှင့် အားကစားဆိုင်ရာ ပြခန်းကို ပါဝင်ပြသသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးရဲတင့်၊ ဗိုလ်မှူးချုပ် လူမွန်၊ ဦးဇော်ဝင်းနှင့် တက်ရောက် လာကြသူများက (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်