Skip to main content

တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၃ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် လားရှိုးမူဆယ်လမ်းမပေါ်ရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသည့် မသင်္ကာဖွယ်ရာ ယာဉ်ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ကျွန်းခွဲသားဆိုက်စုံ ၀ ဒသမ ၇၆၇၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၀၃၄၀၀)ခန့်နှင့် အဆိုပါ ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် (အဖြူရောင်) Toyota Hiace ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀၀)ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု နှစ်မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၃၀၃၄၀၀)ခန့်ကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ကျွန်းခွဲသားများဖမ်းဆီးရမိ

အလားတူ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် လားရှိုး-မူဆယ် လမ်းမပေါ်ရှိ ရေပူကျေးရွာအနီး၌ ရပ်တန့်ထားသည့် မသင်္ကာဖွယ်ရာ ယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော ကျွန်းခွဲသားဆိုက်စုံ ၃၇ ချောင်း၊ (၀ ဒသမ ၆၇၁၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၃၆၀၀) ခန့်နှင့် အဆိုပါ ကျွန်းသစ်ခွဲသား များ သယ်ဆောင်လာသည့် (ခဲရောင်) Toyota Hiace ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀) ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု နှစ်မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၁၃၆၀၀) ခန့်ကို သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် Motorcycle Spare Parts များကို စစ်ဆေးခဲ့ရာ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Motorcycle Spare Parts နှစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ခန့်၊ Cast Iron Balls တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၁၄၀၀၀ )ခန့်နှင့် Machine Spare Parts ရှစ်မျိုး၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၈၀၆၀၀ )ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု သုံးမှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၄၉၄၆၀၀) ခန့်ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းနောက် ဘားအံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ X/3309 (Hilux) ယာဉ်ကို ရှောင်တခင် လှည့်လည်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် အပင်သုံးကော်ရည် ၁၀ ထုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀)ခန့်၊ အပင်အားဆေး ၁၅ ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀ )ခန့်နှင့် အသီးအပွင့်အားဆေး ၂၅ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀)ခန့်တို့ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိမှု တစ်မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၀၀၀၀)ခန့်အား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လပွတ္တာခရိုင် မော်လမြိုင်ကျွန်း မြို့နယ်၌ ပူးပေါင်းအဖွဲ့မှ သတင်းအရ တရားမဝင်သစ်များ သယ်ဆောင်လာခြင်းကို စစ်ဆေးရာ ကျွန်းသစ် (၆၀ ဒသမ ၀၃၄၈)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၀၇၇၀၀၀၀၀)နှင့် တောင်သရက်သစ်ခွဲသား (၀ ဒသမ ၈၉၃၆) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

အရေးယူဆောင်ရွက်လျက်ရှိ

အလားတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူးနှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင်ကျွန်းသစ် (၇ ဒသမ ၆၇၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၀၉၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနကဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ တမူးမြို့နယ်၌ တရားမဝင် ကျွန်းခွဲသား (၃ ဒသမ ၇၂၇၄)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၁၈၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အပြင် ကရင်ပြည်နယ် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့မှ လျှပ်စစ်ဓာတ်ဘူး ၈၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၆၄၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ပါ၍ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဖမ်းဆီးရမိမှုပေါင်း ၁၂ မှုမှာ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၈၁၆၂၄၇၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်