Skip to main content

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၅

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်အနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်းနှင့် ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ပြည်နယ်တရားသူကြီးချုပ် ဒေါ်သန်းသန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု (၉) ခုတို့မှ လူမျိုးစုခေါင်းဆောင်များက နေရာယူကြပြီး တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များနှင့် ရဲဘော်အပေါင်းအား အလေးပြုကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ် က ဖတ်ကြားပြီး  ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး က  ကယားပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် က ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများမှ ဂုဏ်ထူးဆောင် ဆုတံဆိပ် ရရှိသူ ၅၃ ဦးအနက် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူ ကယားပြည်နယ် အစိုးအဖွဲ့ အတွင်းရေးမှူး  ဦးအံ့မော် အားလည်းကောင်း၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူ လွိုင်ကော်မြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် အားလည်းကောင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) ရရှိကြသူ အားကစားနှင့် ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်း အုပ်ကြီး ဒေါ်စိုးစိုးမြာနှင့် ပြည်နယ်ဥပဒေ အထောက်အကူပြု ကော်မတီဝင် ဦးအဲလ်ဘက် တို့အား လည်းကောင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှုရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းတန် အား လည်းကောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိကြသူ ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုတိယရဲအုပ် ချစ်ဆွေ၊ ဒုတိယရဲအုပ် ခင်မြင့်နှင့် ရဲတပ်ကြပ်ကြီး စိုးမင်းထွေး တို့အား လည်းကောင်း ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကယားပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် DVB - T2 Set Top Box အလုံး ၁၀၀၀ ကိုပေးအပ်လှူဒါန်းရာ တပ်ရင်း၊ တပ်ဖွဲ့များ ကိုယ်စား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင် က လည်းကောင်း၊ နိုင်ငံဝန်ထမ်းများ ကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိုးစိုးထွန်း က လည်းကောင်း လက်ခံရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဘာပတိအဖွဲ့ဝင် ကယားမျိုးနွယ်စု (၉) ခုတို့မှ လူမျိုးစု ခေါင်းဆောင်များနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် တက်ရောက် လာကြသည့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူတို့ကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နှစ်(၇၀) ပြည့် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်အတွင်း စီမံခန့်ခွဲရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍတို့တွင် စွမ်းစွမ်းတမံတာဝန်ထမ်း ဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း များမှ ဂုဏ်ထူးဆောင်ဆုတံဆိပ် ရရှိသူ ၅၃ ဦး အနက် ၈ ဦးအား ဂုဏ်ထူးဆောင်ဆု တံဆိပ်များနှင့် ထူးချွန်မှုဂုဏ်ထူးဆောင် လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်ရရှိသူများကိုလည်း အခမ်းအနား ပြုလုပ်၍ ဆက်လက် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)