Skip to main content

တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များ၊ လက်ကိုင်ဖုန်း Hand Set နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၁၅

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းရှိ အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ Hino Profia Truck ယာဉ်အမှတ်၊ 7M-8900 (၁၂)ဘီးယာဉ်ပေါ်တွင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော Mobile Phone Hand Set အမျိုးမျိုး (၇၄၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈,၇၆၆,၇၀၀)၊ Power Bank (၅၇၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၅၀,၀၀၀) နှင့် Phone Charger Cable (၃၈၅)ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇,၇၅၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသော Hino Profia Truck ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀)တို့ကို ဖမ်းဆီရမိခဲ့ပြီး ဖမ်းဆီးအမှု(၄)မှု၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၃၆,၈၉၄,၂၀၀) အား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးရာ ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာရှိ ခြံဝန်းတစ်ခုအတွင်း၌ တရားမဝင် တောင်သရက်ခွဲသား (၀ ဒသမ ၈၀၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၂၅၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ယနေ့တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းရှိ အကောက်ခွန် ဦးစီးဌာနနှင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်စဉ် Mitsubishi Fuso Truck ယာဉ်အမှတ်၊ 4K-7217 (၁၂)ဘီး ယာဉ်ပေါ်၌ သွင်းကုန်ကြေငြာလွှာတွင် ဖော်ပြပါရှိခြင်းမရှိဘဲ သယ်ဆောင်လာသော (Adda အမှတ်တံဆိပ်) မိုးတွင်းစီးဖိနပ် (၄၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ သယ်ဆောင် လာသော Mitsubishi Fuso Truck ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး  ငွေကျပ် ၃၀,၀၀၀,၀၀၀)တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးအမှု(၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈,၀၀၀,၀၀၀) ကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရားမဝင်ကျွန်းသစ် (၁၅ ဒသမ ၆၉၄) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၇၇,၅၀၀) နှင့် သစ်မာ (၁၅ ဒသမ ၄၀၆) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၅၇,၈၀၀)၊ စုစုပေါင်းသစ်မျိုးစုံ (၃၁ ဒသမ ၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၈၃၅,၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထပ်မံ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် တရားမဝင်သစ်မျိုးစုံ (၁၃ ဒသမ ၀၃)တန်နှင့် ချိန်းဆော(၁) လက် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၇၅၄,၇၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၉)မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၀,၆၈၄,၅၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။

(သတင်းစဉ်)