“နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံသည့် ပညာတတ်လူသား အရင်းအမြစ်များစွာ မွေးထုတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံပညာ သင်ကြားသည့် အသက်အရွယ်မှစ၍ နှစ်စဉ်တန်းစဉ် ကူးပြောင်းမှုရာခိုင်နှုန်းကို မြင့်မားလာအောင် လုပ်ဆောင်ပြီး အမှန်တကယ် ပညာတတ်မြောက်မှုရှိအောင် သင်ကြားပေးရန် လိုအပ်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၄ ရက်တွင် ထားဝယ်တက္ကသိုလ်သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စာမတတ်သူပပျောက်ရေး၊ အခြေခံပညာတတ်မြောက်ရေး၊ ပညာတတ်လူသား အရင်းအမြစ်များ ပေါ်ထွက်လာရေးအတွက် အစိုးရအဆက်ဆက် လက်ထက်များတွင် ပညာရေး ကဏ္ဍကို အလေးထားမြှင့်တင်အားပေး ဆောင်ရွက်လျက်ရှိရာ စာတတ်မြောက်သူ၊ အခြေခံပညာ ပြီးမြောက်သူ၊ ပညာတတ်သူများ တိုးတက်မှုရှိလာသည်။ သို့သော် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများတွင် အကြောင်းအမျိုးမျိုးဖြင့် ပညာရေးနှင့် ကင်းကွာနေသူများ ရှိနေသေးသည်ကို တွေ့ရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် စာမတတ်မြောက်သူဦးရေ ၁၀ သန်းကျော်ရှိနေကြောင်း ကောက်ယူထားသော စစ်တမ်းများအရ သိရှိရသည်။ နိုင်ငံလူဦးရေနှင့် နှိုင်းစာလျှင် စာမတတ်သူဦးရေ ပြန်လည်များပြားလာသည်ကို တွေ့ရသည်။
ထို့အပြင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက်စီမံချက် ချကာ ဆောင်ရွက်နေသော်လည်း ကျောင်းမနေသော ကလေးငယ်များ၊ နှစ်စဉ် တန်းစဉ် ပုံမှန်ကူးပြောင်းမှု မရှိဘဲ တန်းစဉ်ပြတ်ကျန်ခဲ့သူများ များစွာရှိနေသည်ကိုလည်း တွေ့ရသည်။ ပညာသင်ကြားနေသော ကလေးငယ်များ မူလတန်း၊ အလယ်တန်း၊ အထက်တန်း တန်းစဉ်ကူးပြောင်းမှုတွင် အတန်းအဆင့်လိုက် ပြတ်ကျန်ခဲ့ သည်ကိုတွေ့ရသည်။ ယခုအခါ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းကျဆင်းမှု အကြောင်းရင်းကို ဆန်းစစ်ကြည့်ရာတွင် တန်းစဉ်ကူးပြောင်းမှု၌ သက်ဆိုင်ရာ အတန်းလိုက်တွင် အမှန်တကယ် တတ်မြောက်မှုမရှိခဲ့ခြင်းနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများနှင့် အထက်တန်း အဆင့် စာမေးပွဲမေးခွန်းတို့တွင် ခက်ခဲမှု၊ ကွာဟချက်မြင့်မားမှုတို့ကြောင့် ဖြစ်နိုင်သည်ကို သုံးသပ်တွေ့ရှိထားသည်။
အသိပညာ၊ အတတ်ပညာ အမှန်တကယ် တတ်မြောက်သူများ ပေါ်ထွန်းခြင်း မရှိပါက နိုင်ငံအတွက် အမှန်တကယ်အားထားရမည့် လူသားအရင်းအမြစ်များ ရှားပါးသွားပြီး နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုးရေးတွင် အားနည်းမှေးမှိန်သွားနိုင်ပေသည်။ မိမိတို့ဘဝမြင့်မားတိုးတက်ရေး၊ အကောင်းအဆိုး၊ အကြောင်းအကျိုး ခွဲခြားဆင်ခြင်နိုင်ရေး၊ မိမိနိုင်ငံကို မိမိတို့တည်ဆောက်နိုင်ရေး အတွက် ပညာသည် အခြေခံကျသော အရင်းအမြစ်ဖြစ်သည်။ မိမိတတ်သိထားသမျှ ပညာဖြင့် သင့်လျော်ရာ ဘဝအဆင့်ဆင့်ကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများရှာမှီးနိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့်စာမတတ်သူပပျောက်ရေး၊ အခြေခံပညာကို အရည်အသွေးမီ အတန်းစဉ်ပြီးမြောက်စေရေး၊ တွေးတော ဆင်ခြင်တီထွင်နိုင်စွမ်းမြင့်မားသော အတတ်ပညာ၊ အသိပညာများ တတ်မြောက်ရေးတို့ကို မြော်တွေးဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ အတန်းစဉ်ဆက်မပျက် မကွက်မှန်မှန် တက်ရောက်နိုင်ရေး အတွက် မိဘ၊ ဆရာများ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပေသည်။ အရည်အသွေး ပြည့်ဝပြီး အဆင့်အတန်းမီသည့် ဘာသာရပ်များ ကျွမ်းကျင်တတ်မြောက်ရန်အတွက် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ ဆရာထက် တပည့်လက်စွမ်းထက်သည်ဆိုသကဲ့သို့ ဆရာများ အနေဖြင့် မိမိတို့ထက် ထူးချွန်ထက်မြက်သော တပည့်များ ပေါ်ထွက်လာအောင် ကြိုးပမ်းစွမ်းဆောင်ပေးကြရမည် ဖြစ်သည်။
ယခုအခါ အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာ တက္ကသိုလ်၊ ကောလိပ် များ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ပေးထားပြီဖြစ်ရာ အသိဉာဏ်ပညာ ဆင်ခြင်တုံတရား မြင့်မားသော အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာအောင် ကြိုးပမ်းစွမ်းဆောင်ကြရမည် ဖြစ်သည်။ ကျောင်းမှန်မှန်တက်ရောက်၍ ဘာသာရပ်ဆိုင်ရာ ပညာရပ်များ သင်ယူရန်၊ အသိပညာ၊ အတတ်ပညာများ တတ်မြောက်ရန်အတွက် ကျောင်းသား၊ မိဘ၊ ဆရာတို့ ပူးပေါင်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းကို အဆင့်မီစွာ သင်ကြားတတ်မြောက်ရေးနှင့် တက္ကသိုလ် ကောလိပ်များတွင် သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာအလိုက် ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပညာဖြင့် မိမိဘဝတိုးတက်ရေး၊ ပညာဖြင့် မိမိနိုင်ငံဖွံ့ဖြိုးရေးအတွက် ကျောင်းသား၊ မိဘ၊ ဆရာများ လက်တွဲပူးပေါင်းကြိုးပမ်းကြပြီး ပညာပြည့်ဝနှလုံးလှသည့် လူသားအရင်းအမြစ်များဖြင့် ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။