မြန်မာ့ပညာရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် အစဉ်အလာကြီးမားသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀၀ ပြည့် မြောက်တော့မည်ဖြစ်သည်။
အလားတူ ရန်ကုန်တက္ကသိုလ်ကြီးနှင့်အတူ မွေးဖွားလာသည့် ဥပဒေပညာဌာနသည်လည်း ယခုဆိုလျှင် နှစ် ၁၀၀ ပြည့်မြောက် တော့မည်ဖြစ်ပြီး ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကြီးကို ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)၌ မတ် ၁ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တက်ရောက်လာကြသည့် အငြိမ်းစား ဆရာ ဆရာမကြီးများ၊ ကျောင်းသား ဟောင်းများ၊ မျိုးဆက်သစ်ကျောင်းသားလူငယ်များ၏ ဂုဏ်ယူဝမ်းမြောက်ဖွယ် ရင်တွင်းစကားသံများကို မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြလိုက်ရပါသည်။
▲ ဦးဝင်းမြင့် ▲
ဒုတိယရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
ရန်ကုန်တက္ကသိုလ်ကနေ ၁၉၇၄ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ခွဲခွာနေရပြီးကာလနောက်ပိုင်းမှာ အခုလို ပြန်ပြီး ဆုံရတာ ကျွန်တော့်အနေနဲ့ ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာပီတိကို ခံစားရပါတယ်။ ကျွန်တော်တို့ တက်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ် ကနေ ၁၉၇၄ ခုနှစ်ကာလကို ပြန်ပြောရမယ် ဆိုရင်တော့ အခုထက်ပိုပြီး ကျယ်ပြန့် တယ်လို့ ပြောရပါလိမ့်မယ်။ အဲဒီတုန်းက အရေအတွက်အားဖြင့် တစ်ပြည်လုံး မှာ ရန်ကုန်တက္ကသိုလ်မှာပဲ ဥပဒေဌာန ရှိပါတယ်။ အဲဒီတော့ အနယ်နယ်အရပ်ရပ်က ကျောင်းသား တွေက ဒီမှာဆုံတွေ့ကြ ပါတယ်။ များသောအားဖြင့် သူငယ်ချင်းတွေကို ဘယ်မြို့က ဘယ်သူဆိုတာကို သိရပါတယ်။ နာမည်နဲ့ မြို့ပြောလိုက်တာနဲ့ တွဲသိရပါတယ်။ အဲဒါလေးက ဒီနေ့နဲ့ မတူတော့တဲ့ ထူးခြားတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ ပညာဆည်းပူးတယ်ဆိုတာ ဘယ်တော့မှလည်း အဆုံးမသတ် နိုင်ပါဘူး။ ငယ်ငယ်ကတည်းက ပညာကို ထူးချွန်အောင် ကြိုးစားစေချင်ပါတယ်။ တတ်တဲ့ပညာက နိုင်ငံတော်အတွက်ဆိုတာကို အလေးအနက်ထားစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံ ဒီနေ့လျှောက်လှမ်းနေ ရတဲ့ကာလမှာ ပိုမိုပြီးကြိုးစားကြဖို့ လိုပါ တယ်။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ကာလက နိုင်ငံတော်အတွက် အင်မတန် အရေးကြီးသောကာလ ဖြစ်ပါတယ်။ အားလုံး ဝိုင်းဝန်းပြီး ကြိုးစားဖို့ လိုပါတယ်။
▲ ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး ▲
ပါမောက္ခချုပ်(ငြိမ်း)
တက္ကသိုလ်ကြီးက နှစ် ၁၀၀ ပြည့်ပြီ။ နှစ် ၁၀၀ မှာ ဆရာကြီးလည်းပဲ ပါဝင်ဆင်နွှဲနိုင်တဲ့အတွက် တက္ကသိုလ်ဂုဏ်၊ တက္ကသိုလ် သိက္ခာ၊ တက္ကသိုလ်က မွေးထုတ်ပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေ ဒီမှာတွေ့ရတဲ့ ဥပဒေဘွဲ့ရတွေ၊ တာဝန်ကြီးကြီး ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ တွေ့ရတဲ့အတွက် ဆရာကြီးက အများကြီး ဂုဏ်ယူဝမ်းမြောက်ရတာပေါ့။ ဆရာကြီးက ပါမောက္ခချုပ် တာဝန်အထိ ဥပဒေဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၃၈ နှစ်ပါ။ တပည့်တွေကို ဆရာထက် ပိုတဲ့၊ သာတဲ့ ပညာရှင်တွေဖြစ်မှ တိုင်းပြည် တိုးတက်မယ်လို့ ယူဆပြီး ပညာပေးတာကို ဝါသနာပါတယ်။ အသက်က ၈၃ နှစ်ပါ။ တက္ကသိုလ် ရွှေရတုတုန်းက ၁၉၇ဝ ပြည့်နှစ် လက်ထောက်ကထိကပါ။ နိုင်ငံခြား ပညာတော် သင်သွားနေပါတယ်။ ဂျာမနီမှာပါ။ ၁၉၇၅ ခုနှစ်ကျတော့ ဆရာက ဒုတိယပါမောက္ခချုပ်ပါ။ ပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ ရာပြည့်မှာလည်း ပါဝင် ဆင်နွှဲနိုင်တဲ့အတွက်ကြောင့် အလွန်ကို ဝမ်းသာစရာကောင်းတဲ့ ပွဲကြီးပါ။ ဖော်ပြလို့ မရနိုင်တဲ့ ခံစားမှုတွေ အပြည့်ပါ။ ဥပဒေ မျိုးဆက်သစ်တွေအတွက် ဥပဒေနဲ့ပတ်သက် ပြီး အလွန်အားကောင်းတဲ့ ဥပဒေပညာရပ်ကို သင်ကြားပေးတဲ့ ဌာနကြီး တစ်ခုလိုအပ် ပါတယ်။ ဥပဒေပညာဌာနက အစကတည်းက ထူးချွန်တဲ့ဥပဒေပညာရှင်တွေ မွေးထုတ်ပေးခဲ့တယ်။ နောက်လည်း နိုင်ငံတကာ အဆင့်မီတဲ့ ဥပဒေပညာရှင်တွေဖြစ်အောင်၊ ပညာသင်ကြားပေးတဲ့ ဌာနကြီးဖြစ်အောင် လုပ်ပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
▲ ဒေါက်တာ ဒေါ်ခင်ချစ်ချစ်▲
(ပါမောက္ခ ဌာနမှူး) ၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ်
၁၉၂၀ ပြည့်နှစ်ကစပြီး ရန်ကုန် တက္ကသိုလ်အနေနဲ့ တည်ထောင်ကတည်းက ရန်ကုန်တက္ကသိုလ် ဥပဒေဌာနအဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။ နှစ် ၁၀၀ ပြည့်တဲ့ အနေနဲ့ ဥပဒေပညာရှင်ပေါင်းများစွာလည်း မွေးထုတ်ခဲ့ပြီး ဖြစ်တဲ့အတွက်ကြောင့် ပြန်လည်စုစည်းပြီး နောင်ဒီထက်ပိုကောင်းတဲ့ ဌာနအဖြစ် ရပ်တည်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့ နံနက် ပိုင်းမှာ ရာပြည့်သဘင် ဖွင့်ပြီး အတန်းလိုက် စတုဒိသာ ကျွေးမွေးတာရှိပါတယ်။ ဆရာကြီး ဒေါက်တာတင်အောင်အေး အဖွင့်အမှာစကား ပြောကြားပါတယ်။ စာတမ်းဖတ်ပွဲလည်း ရှိပါတယ်။ အငြိမ်းစားယူတဲ့ ဆရာမကြီး ဒေါက်တာဒေါ်သန်းနွဲ့၊ ဆရာမကြီး ဒေါ်ကြင်ဦး၊ ဒေါက်တာ ခင်မာရီ တို့က ပြောကြားမယ်။ ဆရာမအနေနဲ့ နှစ် ၁၀၀ မှာ တစ်ခါသာ ကြုံရတဲ့အတွက် အတိုင်းမသိ မဖော်ပြနိုင်အောင် ဝမ်းသာပါတယ်။ ဥပဒေပညာနဲ့ ကျောင်းသား ဟောင်းတွေရော၊ ကျောင်းသားသစ်တွေရော ပေါင်းပေါင်းစည်းစည်းနဲ့ တစ်နည်းအားဖြင့် မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တွေ ကို ပေါင်းစည်းပေးတဲ့ပွဲ ဖြစ်သလို ဥပဒေပညာ အမွေကိုလည်း လက်ဆင့်ကမ်းပေးပြီး ဆတက်ထမ်းပိုးနိုင်ငံကို အကျိုးပြုနိုင်ဖို့ ရည်ရွယ် လုပ်ကိုင် ဆောင်ရွက်တာဖြစ်တာကြောင့် အောင်မြင်ပြီး နောင်ဒီထက်မက နိုင်ငံကို အထောက်အကူပြုနိုင်မှာဖြစ်တဲ့ အတွက်ကြောင့် အတိုင်းမသိ ဝမ်းမြောက် ဝမ်းသာ ဖြစ်မိပါတယ်။
▲ ဦးစိုးမြင့်▲
ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန
ရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကော်မတီ ဥက္ကဋ္ဌ
ကျွန်တော်တို့ စတင်ကျောင်းတက်ခဲ့တာ ၁၉၇၁ ခုနှစ်ကပါ။ ငါးနှစ်တက်တော့ ၁၉၇၆ မှာ ကျွန်တော်ကျောင်းပြီးခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ရဲ့ နှစ်တစ်ရာသမိုင်းက အဆင့်သုံးဆင့်ရှိတယ်။ ပထမဆုံးအဆင့်က ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက် အဲဒီနေ့က ရန်ကုန်တက္ကသိုလ် အက်ဥပဒေထွက်တဲ့နေ့ပေါ့။ အဲဒီနေ့ကစပြီး ရန်ကုန်တက္ကသိုလ်ဆိုတာ ပေါ်ပေါက်လာတာပါ။ ဝမ်းသာဖို့ ကောင်းတာက ကျွန်တော်တို့ ဥပဒေပညာဌာနကလည်း အဲဒီအချိန်ကတည်းက စပြီးတည်ရှိလာတာ။ ဒါပထမအဆင့်ပေါ့။ ဒုတိယအဆင့်က စစ်ဖြစ်တော့ တက္ကသိုလ်ကြီး ခဏပိတ် ရတယ်။ ပြန်ဖွင့်တဲ့ ၁၉၄၉ ခုနှစ် ဇူလိုင်ပေါ့။ အဲဒီမှာ ပြင်ဆင်ချက်ဥပဒေအရ ထပ်ပြီး ဆက်သွားတော့ ဂုဏ်ယူဖို့ကောင်းတာက မဟာဌာနကြီး ခုနစ်ခုထဲမှာ ကျွန်တော်တို့ ဥပဒေဌာနကဆက်ပြီးတော့ ဌာနကြီးအဖြစ် ရပ်တည်နေပါတယ်။ ဝိဇ္ဇာဘာသာရပ်ရဲ့ အောက်မှာ မဟုတ်ဘူး။ သီးခြားဌာနပါ။ ၁၉၆၂ ခုနှစ် တော်လှန်ရေး အစိုးရတက်ပြီး ၁၉၆၄ ခုနှစ် ဥပဒေတစ်ခုလည်း ထွက်တော့ အသက်မွေးဝမ်းကျောင်းထဲ မထည့်လိုက်တော့ဘဲနဲ့ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်အောက်က ဝိဇ္ဇာဘာသာရပ် ကိုးခုထဲ ပြန်ရောက်သွားတယ်။ တကယ်တမ်းပြောရင် ဥပဒေပညာက အားလုံး သိတဲ့အတိုင်း အဓိက သိပ်ကျတဲ့ ခက်မကြီးသုံးဖြာ ဥပဒေပြုကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ ကျွန်တော်တို့နဲ့ လွတ်ကင်းတဲ့ ကဏ္ဍရယ်လို့မှ မရှိတာ။ နောက်ပိုင်းတိုင်ပင်ပြီးတော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုအဖြစ် ဆောင်ရွက်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘွဲ့နှင်းသဘင်ခန်းမမှာ ရာပြည့်အခမ်းအနားစပြီး ဖွင့်လိုက်ပါတယ်။ မတ် ၁ ရက်မှာ ကျွန်တော် တို့ ဥပဒေပညာဌာန အလှည့် ကျပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ နှစ် ၇၀ ၊ နှစ် ၆၀ သူတို့ သက်တမ်းရှိသလောက် လုပ်တယ်။ ကျွန်တော်တို့ကတော့ တက္ကသိုလ်ကြီးနဲ့အတူ နှစ် ၁၀၀ ပြည့်ကို လုပ်နိုင်ခဲ့ပါတယ်။ ကော်မတီအဆင့်ဆင့်က တက်ညီလက်ညီနဲ့ အနှစ်နှစ်အလလက ပုဂ္ဂိုလ်တွေ အကုန်လုံး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။
▲ ဦးအောင်ထွဋ် ▲
ရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကော်မတီ၊ အထွေထွေအတွင်းရေးမှူး
၁၉၈၆ ခုနှစ် ဥပဒေပညာဌာနမှာ ဥပဒေဘွဲ့ရ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ စစချင်းဖွင့်တဲ့ မဟာဌာန ခုနစ်ခုမှာ ကျွန်တော် တို့ ဥပဒေဌာနတစ်ခု အပါအဝင်ဖြစ်ပြီး လက်ရှိ ရန်ကုန်တက္ကသိုလ်မှာရှိနေတဲ့ ဌာနတိုင်းမှာ ကျွန်တော်တို့ ဥပဒေဌာနတစ်ခုပဲ ရာပြည့် အခမ်းအနား ကျင်းပလို့ရတာပါ။ ၁၉၂၀ ပြည့်နှစ်ကတည်းက ရန်ကုန်တက္ကသိုလ် စဖွင့်ကတည်းက ကျွန်တော်တို့ ဥပဒေပညာဌာနကလည်း အတူတူဖွင့်လာ ခဲ့တာပါ။ ဒီပွဲအတွက် ရည်ရွယ်ချက်က ဥပဒေရာပြည့် အခမ်းအနားကြီးကို ၁၉၆၈ ခုနှစ် ဥပဒေဘွဲ့ရကနေ ၂၀၀၂ ခုနှစ် ဘွဲ့ရ၊ ကျောင်းပြန်ပိတ်ပြီး ၂၀၁၃ ခုနှစ်က စတင်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် စည်တော်တီးဘွဲ့ရတွေ အထိ ပါဝင်ဆင်နွှဲပြီး ရာပြည့်အထိမ်းအမှတ် အမှတ်တရဖြစ်အောင် စီစဉ်ပြီး ကျင်းပပေးတာ ဖြစ်ပါတယ်။ ဥပဒေဌာန ရာပြည့်ပွဲကြီးကို အခုလို ကြီးကျယ်ခမ်းနားစွာ ကျင်းပခွင့်ရတဲ့အ တွက် ဝမ်းသာပါတယ်။ တက္ကသိုလ် တက်ခဲ့ရတဲ့ အတွေ့အကြုံကတော့ မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်ထဲမှာ ရန်ကုန်တက္ကသိုလ်ကတော့ အပျော်ဆုံးပါ။ အခမ်း အနားဆုံးပါ။ ကျောင်းသူ ကျောင်းသားအားလုံးကို တစ်နေ့လုံး ရာပြည့်အခမ်းအနား စတုဒိသာ ကျွေးမွေးတယ်။ တစ်နေ့လုံး ရာပြည့်အခမ်းအနား ဖွင့်ပွဲ၊ ပျော်ပွဲ၊ ရွှင်ပွဲ၊ ဖျော်ဖြေပွဲတွေ၊ စာတမ်းဖတ်ပွဲ၊ ညစာစားပွဲ တွေ ကျင်းပမှာ ဖြစ်ပါတယ်။
▲မသက်ဆင့်နေနေ ▲
ဥပဒေပညာ၊ ပဉ္စမနှစ်ကျောင်းသူ
ရန်ကုန်တက္ကသိုလ်ထဲမှာပဲ တက်နေပါတယ်။ နှစ် ၁၀၀ ပြည့်ကို တွေ့ကြုံရတဲ့အတွက် ထူးခြားတယ်လို့ ခံစားရပါတယ်။ နောက်နှစ် ၁၀၀ ဆိုတာက မဖြစ်နိုင်ဘူးလေ၊ နှစ်(၁၀၀)ပြည့်က ကြုံတောင့်ကြုံခဲကြုံရတဲ့အတွက် ပျော်မိပါတယ်။ ၁၀ တန်း အောင်မြင် ပြီးကတည်းက ရန်ကုန်တက္ကသိုလ်ကိုပဲ လျှောက်တာပါ။ ရန်ကုန်တက္ကသိုလ်ကို တက်ချင်တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်ကို ဝင်ခွင့်ရတဲ့အတွက် ဝမ်းသာမိ ပါတယ်။ အနယ်နယ်အရပ်ရပ်က သူငယ်ချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ရန်ကုန်တက္ကသိုလ် အရသာဖြစ်တဲ့ RC သွားလိုက်၊ ကင်န်တင်း ထိုင်လိုက်၊ သစ်ပုပ်ပင်နဲ့ ဓာတ်ပုံရိုက်လိုက် တွေလုပ်ပြီး ရန်ကုန်တက္ကသိုလ်ကြီးက အခြားတက္ကသိုလ်တွေနဲ့မတူတဲ့ ခံစားမှုကို ဒီတက္ကသိုလ်ကြီးမှာ ခံစားရလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ကိုယ်တက်ချင်တဲ့ ဘာသာရပ်တွေရှိရင် ကြိုးစားပြီး လာရောက် တက်ပါလို့ မျိုးဆက်သစ်တွေကို ဖိတ်ခေါ် ပါတယ်။ သမီးက ရာမညဆောင် ဥပဒေပညာ ဌာနမှာ ကျောင်းတက်ခဲ့ပါတယ်။
▲ ဦးသန့်ဇင် ▲
ဥပဒေကျောင်းသားဟောင်း
၁၉၉၄ ခုနှစ် ကျောင်းသားဟောင်းပါ။ ကျွန်တော့်ဘဝမှာ လူတစ်လုံး သူတစ်လုံး ဖြစ်လာအောင် ဒီကျောင်းတော်ကြီးက သင်ကြား ပေးတာ ဖြစ်ပါတယ်။ ဒီဥပဒေ ဌာနကြီးက ပညာသင်ပေးတယ်။ ရာပြည့် အမှတ်တရကတော့ သူငယ်ချင်းတွေနဲ့ ဆုံအောင်၊ ဆရာ ဆရာမတွေ ဂါရ၀ပြုလို့ ရအောင် လာရောက်ခြင်း ဖြစ်ပါတယ်။ တက္ကသိုလ်တက်ခဲ့တဲ့ ဘဝမှာ အလွန်ပျော်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ခေတ်တုန်း က ဥပဒေဆိုတာ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းရှိသေးတာ။ အဲဒီတော့ ဒီထဲမှာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နဲ့ စာကြည့်ကြလုပ်ခဲ့တာပါ။ ဒီမှာ မြင်လိုက် ရတာကတော့ ကျွန်တော်တို့ရဲ့ အထက်တန်းက အစ်ကို အစ်မတွေ တကယ့်ဦးဆောင်တဲ့ နေရာကြီးတွေမှာ ဦးဆောင်နေကြတယ်။ အလယ်အလတ်အဆင့်မှာလည်း သူ့ဘာသာသူ ဦးဆောင်နေကြတယ်။ ကျွန်တော်တို့တွေ ကဏ္ဍအသီးသီးမှာ ဦးဆောင်နေကြတယ်။ တကယ်ပဲ နောင်မောင်မယ်သစ်လွင်တွေကို ပြောချင်တာက ကြိုးစားဖို့ လိုပါတယ်။ နောင်တစ်ချိန် ကိုယ်နေရာယူတဲ့အချိန်မှာ အရည်အသွေးကောင်းတဲ့ ကျောင်းသားတွေ ဖြစ်လိမ့်မယ်လို့ ခံစားမိပါတယ်။ ဒီပွဲကို ဒီလိုစည်ကားအောင် ကျင်းပပေးတာကို ဝမ်းသာပါတယ်။ အားလုံးအတွက်လည်း ပြန်ပြီး စိတ်တွေ နုပျိုလန်းဆန်းလာလိမ့်မယ်လို့ ထင်ပါတယ်။
▲ ကံ့ကော်တောမျိုးအောင် ▲
ဒုတိယဥက္ကဋ္ဌ၊ ဥပဒေရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကော်မတီ
ကျွန်တော်က ၁၉၇၆ ခုနှစ် ကျောင်းသားဟောင်းပါ။ ရန်ကုန်တက္ကသိုလ်ကြီးကလည်း နှစ် ၁၀၀ ပြည့်တယ်။ ကျွန်တော်တို့ မဟာ ဌာနကြီးတစ်ခုဖြစ်တဲ့ ဥပဒေဌာနကလည်း နှစ် ၁၀၀ ပြည့်တယ်။ အဲဒါကြောင့် တစ်ညီတည်းပဲ ခြိမ့်ခြိမ့်သဲ စည်ကားအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း အဖွင့်သီချင်းတွေနဲ့ ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ တက္ကသိုလ်တက်ခဲ့တုန်းကတော့ အဆောင်ကျောင်းသားလည်းဖြစ်တယ်။ အဲဒီကာလ အဲဒီအချိန်တုန်းကတော့ တက္ကသိုလ် ကျောင်းသားဘဝ က အင်မတန်မှ ပျော်စရာကောင်းပါတယ်။ အဆောင်ကျောင်းသား ဘ၀၊ ကျောင်းမှာစာသင်ရတဲ့ဘ၀ အဲဒီအကြောင်းအရာတွေကို ပြန်တွေးရင် ပြောမကုန်ဘူး၊ အများကြီးပါ။ ကျောင်းပရဝဏ်အတွင်းမှာ ကျောင်းကပေးတဲ့ နာမည်လေးပါ။ ကံ့ကော်တောဆိုတာ အဲဒီ ဥပဒေပညာဌာနမှာ လာတက်တဲ့အတွက် ကြောင့် ဒီကျောင်းကြီးမှာ ပညာဆည်းပူးတဲ့ အတွက်ကြောင့် အစွဲပြုပြီး ကျွန်တော့် နာမည်က တေးသံရှင် ကံ့ကော်တော မျိုးအောင်ဖြစ်တာပါ။ အမှန်က ကျွန်တော့် နာမည်က မျိုးအောင်ပါ။ ငယ်သူငယ်ချင်းတွေ၊ ကျေးဇူးရှင် ဆရာ ဆရာမတွေကပေးတဲ့ နာမည်ပေါ့၊ ဥပဒေပညာဟာ ဒီမြေကမ္ဘာမှာ အဓိက ကျပါတယ်။ အရေးအကြီးဆုံးလည်း ဖြစ်တယ်။ ဒါကြောင့် ဒီဘာသာရပ် ကို ရရှိတဲ့ ကျောင်းသား ကျောင်းသူများအားလုံးကို တိုက်တွန်းချင်တာက စာကြိုးစားကြပါလို့၊ နောင်တစ်ချိန်မှာ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းပြည်အတွက် အမြဲတမ်းအကျိုးပြုရမှာ ဒီဥပဒေနဲ့ပဲ အကျိုးပြုရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ အလေးအနက်ထားပြီး ဒီပညာရပ် ကို ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပွဲတော်ကြီးကို ကျင်းပပေးရတဲ့ အကြောင်းအရာကတော့ မျိုးဆက်သစ်တွေရော၊ ကျောင်းသား ကျောင်းသူဟောင်းတွေရော သူတို့ရဲ့ ဆက်ဆံရေးတွေ ရင်းနှီးအောင်၊ သူတို့ရဲ့ ဥပဒေဌာနကြီးက ဒီဒ့ထက်ပိုပြီး ခမ်းနား အောင်မြင်အောင် အဲဒီလိုရည်ရွယ် ပြီး စိတ်ထဲမှာဖြစ်နေပါတယ်။ အဲဒီလိုလည်း ဆောင်ရွက်ပေးနေပါတယ်။ အားလုံးဝိုင်းကူညီ တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင် ပါတယ်။
တွေ့ဆုံမေးမြန်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်