Skip to main content

ဖားဆောင်းမြို့နယ်တွင် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဖားဆောင်း မတ် ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ ဖားဆောင်းမြို့နယ် (၂၅)ခုတင်ဆံ့ ဆေးရုံဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ဖားဆောင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မိဘပြည်သူများ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း၊ ယနေ့ ဆေးရုံဖွင့်ပွဲသည် ပြည်သူများ၏ အောင်မြင်မှုဖြစ်ပြီး ပြည်သူများ၏ တောင်းဆိုချက်များကြောင့် အရည်အသွေးပြည့်မီသည့် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဖားဆောင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအိဖြူသွယ်နှင့် ဝန်ထမ်းများ၏ လူနာအပေါ် စေတနာထား ဝန်ဆောင်မှုကောင်းမွန်စွာ ကုသပေးမှုတို့ကြောင့် မြန်မာတစ်နိုင်ငံလုံး လူနာများ အပေါ်ဝန်ဆောင်မှုအကောင်းဆုံး စံပြဆုရရှိခဲ့သည့်အတွက် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ယခုဆေးရုံဖွင့်ပွဲသည် ဖားဆောင်းတစ်မြို့နယ် သာမက အနီးအနားမှ မြို့၊ ကျေးရွာများအတွက် အားကိုးအားထားပြုရန်အတွက် များစွာ အကျိုးရှိပါကြောင်း”  ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဌေးလွင်က (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံတည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး (၂၅) ခုတင်ဆံ့ပြည်သူ့ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို အဆောက်အဦ အထူးအဖွဲ့(၁၂)မှ တာဝန်ရှိသူမှ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ ဘင်ခရာအဖွဲ့၊ ယင်းတလဲ၊ ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့၊ ကရင်ရိုးရာ ဗုံအဖွဲ့တို့အား တစ်ဖွဲ့လျှင်(၁)သိန်းကျပ် စုစုပေါင်း(၄)သိန်းကျပ် ဂုဏ်ပြု ဆုငွေ များ ပေးအပ်ခဲ့ပြီး ဖားဆောင်းမြို့ ဒေသခံများကိုယ်စား မြို့မိမြို့ဖဦးထွန်းရွှေက ကျေးဇူးတင် စကားပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် (၂၅)ခုတင်ဆံ့ ပြည်သူ့ဆေးရုံအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဆေးရုံဆိုင်းဘုတ်အား အမွေးနံ့သာပက်ဖျန်းပေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ဆေးရုံအဆောက်အဦသစ်အတွင်းသို့ လှည့်လည် ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ဆေးကုသမှုခံယူနေသည့် လူနာများအား အားပေးစကား ပြောကြားကာ အာဟာရ အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)