Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းဖွင့်အခမ်းအနားသို့ တက်ရောက်

မကွေး     မတ်    ၃

မကွေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းကို မကွေးမြို့စုပေါင်းရုံး အစည်းအဝေးခန်းမ၌ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည့်စကားကို မူရင်းအင်္ဂလိပ်ဘာသာ  Intangible culture ဆိုသည့်စကားလုံးမှ ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများဟုလည်း ခေါ်ဝေါ်ကြောင်း၊ကိုရီးယားနှင့်ဂျပန်နိုင်ငံများက  formless culture ဟုလည်း ခေါ်ကြ ကြောင်း၊မည်သို့ပင်အခေါ်အဝေါ်များ ခြားနားသော်လည်း  ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ မိမိတို့ လူသားမျိုးနွယ်တို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာကြသည့် ဓလေ့ထုံးတမ်းစဉ်လာ ယဉ်ကျေး မှုများဖြစ်ကြကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုဆိုတာကတော့ မိမိတို့ဘိုးဘွားများလက်ထက်က ရှိခဲ့ပြီး လက်ဆင့်ကမ်း ရရှိလာခဲ့သည့် အရာဝတ္ထုများ၊ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ မိမိတို့၏ ခံစားချက်များကို ဖော်ကျူးသည့် ဖော်ပြချက်များ၊ပွဲတော်များ၊သဘာဝစကြာဝဠာအပေါ် နားလည် သဘောပေါက်မှုများ၊ ပုံပြင်များစသည့် များပြားလှစွာသော အရာများသည် လူသားများ၏ ဒြပ်မဲ့ ယဉ်ကျေးမှုများဖြစ်ကြောင်း၊ ဒီလိုကျယ်ပြန့်တဲ့ လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖေါ်ဖို့ အတွက် မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တိုးတက်မြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းပို့ချမှု အစီအစဉ် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ကောလိပ်များမှ ဆရာ၊ ဆရာမများ၊ မြို့နယ်ပြန်/ဆက်ရုံးများမှ ဝန်ထမ်းများနှင့်လူမှုရေးအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ(၇၁)ဦးတို့ တက်ရောက်ပြီး မေလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ Documentation ပြုစုပုံတို့ကို အဓိက စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)