လွန်ခဲ့သောနှစ်ပေါင်း ၇၅ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် မြန်မာတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသခဲ့ကြရသည်။ လွတ်လပ်ရေးအတွက် ကြိုးစားတိုက်ပွဲဝင်ခဲ့ကြသည့် ကာလတစ်လျှောက်လုံးတွင် ပြည်သူလူထု စည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ကို ကျစ်လျစ်သိပ်သည်းစွာ တည်ဆောက်၍ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးအောင်ပန်းကို ရယူခဲ့ကြရခြင်းဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတစ်ခုတွင် လွတ်လပ်ရေးသည် လမ်းဆုံးမဟုတ်ဘဲ လမ်းကြောင်းသာဖြစ်သည်ဟု ဆိုခဲ့ပြီး လွတ်လပ်ရေးသည် လက်ထဲသို့ရောက်ရုံဖြင့် မပြီးသေးဘဲ ရပြီးသည့်လွတ်လပ်ရေးကို တည်တံ့အောင်၊ တည်တံ့သည့် လွတ်လပ်ရေး၏ အရသာကို ခံစားရအောင် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းစဉ် ခြောက်ရပ်ကိုလည်း ချပြခဲ့သည်။
အဆိုပါလုပ်ငန်းစဉ် ခြောက်ရပ်အနက် ပထမဦးဆုံးသောအချက်မှာ လူထုညီညွတ်ရေးနှင့် တိုင်းရင်းသားချင်း သွေးစည်းညီညွတ်မှု ကို ခိုင်မြဲသည်ထက် ခိုင်မြဲအောင်၊ ကြီးမားသည်ထက် ကြီးမားအောင် ဆက်လက်ကြိုးပမ်းရေးဖြစ်သည်။ ကျန်အချက်များမှာ အရှေ့တောင်အာရှနိုင်ငံများ သွေးစည်းမှ စတင်ပျိုးထောင်ရေး၊ တရုတ်၊ အိန္ဒိယတို့နှင့် ချစ်ကြည်ရေး၊ ဗြိတိန်နှင့် မိတ်ဆွေရင်း ချာများဖြစ်ရေး၊ တပ်မတော်၊ ရဲတပ်ဖွဲ့တို့ ဖွဲ့စည်းတည်ထောင်ရေး၊ စီးပွားရေးအခြေခံလုပ်ငန်းများ ထူထောင်ရေး စသည့် ထိုခေတ်ကာလ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည့် အချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းအချက်များအရ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ပြီးနောက် ဆက်လက်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင်ပါ စည်းလုံးညီညွတ်မှုသည် အဓိကလိုအပ်ချက်ဖြစ်ကြောင်း ထင်ရှားသည်။ ။
လွတ်လပ်ရေးရရှိပြီးနောက် နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့ နှေးကွေးနေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးမှာလည်း ကြိုးပမ်းနေရဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင် ရွက်ခဲ့ကြရသည့် မိမိတို့ဘိုးဘွားများ၏ စည်လုံးညီညွတ်မှုမျိုး မျက်မှောက်ကာလတွင် ပြန်လည်ထူထောင်ရန် လိုအပ်နေခြင်း ပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတို့ စတုတ္ထစက်မှု တော်လှန်ရေးခေတ်သို့ ရောက်ရှိကြပြီး အဆင့်မြင့်သိပ္ပံနှင့် နည်းပညာတို့၏ စွမ်းပကားဖြင့် ခေတ်မီဖွံ့ဖြိုးသော သာယာဝပြောသည့် လူ့ဘောင်ကို တည်ဆောက်နေချိန်တွင် မိမိတို့၏ တူရူချက်၊ မိမိတို့၏ လားရာကို ပြန်လည်ဆန်းစစ်ကြရမည် ဖြစ်သည်။ သံသယများ၊ အငြင်းပွား မှုများ၊ ပဋိပက္ခများက နောက်ထပ်ရာစုနှစ်များ ထပ်မံကုန်လွန်သွားစေကာမူ အဆိုးသံသရာထဲမှ မိမိတို့ ရုန်းထွက်နိုင်စေမည်မဟုတ်သည်ကိုလည်း ဆင်ခြင်နိုင်ကြရန်လိုသည်။ အဆုံးစွန်အားဖြင့် ဆိုပါက နိုင်ငံသည်ပင်လျှင် ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်သွားနိုင်ပြီး လွတ်လပ်သော အချုပ်အခြာအာဏာပိုင်၊ လွတ်လပ်သောလူမျိုးဘဝမှ လျှောကျသွားနိုင်သည့် ဖြစ်နိုင်ခြေရှိနေသည်ကို သတိထားကြရန်လည်း လိုသည်။
လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မိမိတို့နိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်သည်။ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ စသည့် အခြားကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ရှိနေသည့် နေ့ထူးနေ့မြတ်များအနက် ထူးခြားစွာ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းမှ ကောင်းမြတ်သော ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသည့်နေ့သည် ပြည်ထောင်စုနေ့ပင်ဖြစ်သည်။ ထိုနေ့တွင် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုကို တစ်ခဲနက်ထုတ်ဖော်ပြသကာ လွတ်လပ်ရေးကိုရယူ၍ ပြည်ထောင်စုနိုင်ငံအဖြစ် ပေါ်ထွန်းစေခဲ့ခြင်း ဖြစ်သည်။ နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့အတွက် စည်းလုံးညီညွတ်စွာ ဆက်လက်အားထုတ် ဆောင်ရွက်ကြရပါမည့် အကြောင်း။ ။