Skip to main content

စည်းလုံးညီညွတ်သည့် ဟန်ချက်ညီသောပန်းတိုင်ဆီ

နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤသန္နိဋ္ဌာန်ကို အမှန်တကယ် ဖော်ဆောင်နိုင်ရန် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုမည်ဖြစ်သည်။

လွတ်လပ်ရေး ရရှိပြီးသည့်အချိန်မှစ၍ ဖြစ်ပွားလာသော လက်နက်ကိုင်ပဋိပက္ခများကို ယနေ့အချိန်ကာလအထိ အပြီးတိုင်ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။ ယင်းသည် တစ်ဦးနှင့် တစ်ဦး ရိုးသားစွာဖြင့် ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဆန္ဒမရှိသောကြောင့်ဟု ဆိုချင်သည်။ တစ်ဦးနှင့် တစ်ဦးအပေါ် မည်သို့ပင် သဘောကွဲလွဲသော်လည်း ယုံကြည်စိတ်ထားလျှင် ကြည်ကြည်လင်လင် လက်တွဲပူးပေါင်းနိုင်မည်ဖြစ်သည်။ မယုံကြည်စိတ်များ ထားရှိနေသမျှ အတူလက်တွဲ ဆောင်ရွက်ရန်မှာ အချည်းနှီးပင်ဖြစ်မည်။

အမုန်းတရားများ၊ အာဃာတများ၊ မယုံကြည်မှုများ၊ နားလည်မှု လွဲမှားမှုများကြောင့် ဖြစ်လာရသော လက်နက်ကိုင် ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်သည်။ မပြောင်းလဲနိုင်သည့် ယုံကြည်ချက်၊ ခံယူချက်တို့ကို အသေဆုပ်ကိုင်ထားခဲ့ကြသည့် ပုဂ္ဂိုလ်များလည်း ဤလောကတွင် မရှိကြတော့ပြီ။ နောက်လူတို့လည်း ပဋိပက္ခသံသရာ၊ ဒုက္ခနွံတွင်း၌ ဆက်လက် ကျင်လည်နေကြသည်။ မည်သို့ပင်ဖြစ်နေပါစေ မတူကွဲပြားသူတို့အနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်ကြရမည် ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက် နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ မငြိမ်းချမ်းသောဒေသများမှ တိုင်းရင်းသားပြည်သူများမှာ အေးချမ်းစွာနေထိုင်ရခြင်း မရှိပေ။ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်း မရှိသမျှ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးတရားများကို ပြည်ထောင်စုသားအချင်းချင်း မျှဝေခံစား နိုင်မည့် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များသည် ပြည်သူအားလုံး အလိုချင်ဆုံး၊ အတောင့်တဆုံး ဆန္ဒများဖြစ်၍ ငြိမ်းချမ်းသာယာသည့် လူမှုအသိုက် အဝန်းကြီးတစ်ခုကို နောင်မျိုးဆက်သစ်များအတွက် အမွေခံကောင်းအဖြစ် ချန်ထားပေးရမည် ဖြစ်သည်။ သဘာဝသယံဇာတများ ပေါများကြွယ်ဝပြီး နေထိုင်ချင်စဖွယ်ကောင်းသော မြန်မာနိုင်ငံအတွက် ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသား ပြည်သူအားလုံး အတူလက်တွဲပြီး အမှန်တကယ် တည်ဆောက်ပေးနိုင်ပါက ကျွန်ုပ်တို့အားလုံး မျှော်မှန်းသည့် လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ သာယာဝပြောသော၊ ဖွံ့ဖြိုးတိုးတက်သော လူမှုအသိုက်အဝန်း ကြီးတစ်ခု အမြန်ဆုံး ပေါ်ပေါက်လာမည်ဟု ယုံကြည်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် ကဏ္ဍအားလုံးကို နေရာဒေသအသီးသီးတွင် ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိသည်။ သို့သော် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော်အစိုးရကို ခေတ်အဆက်ဆက်ဆန့်ကျင်လျက်ရှိသော အကြမ်းဖက် အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အဟန့်အတားများဖြစ်ခဲ့သည်။ ထို့ကြောင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးမှု မှန်သမျှအား ဖယ်ရှားနိုင်ရန် တိုင်းရင်းသားပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မကြာမီကာလတွင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ် မှုကို ဖော်ညွှန်းသက်သေထူခဲ့သော ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် စိန်ရတုပြည်ထောင်စုနေ့သို့ ရောက်တော့မည် ဖြစ်သည်။ စိန်ရတုပြည်ထောင်စု နေ့ကို အလေးအနက်ပြုသောအားဖြင့် ငါတို့ပြည်ထောင်စုကြီး အဓွန့်ရှည်ရမည်၊ တည်တံ့ခိုင်မြဲရမည်။ ဖွံ့ဖြိုးတိုးတက်ရမည်ဟူသည့် ခိုင်မာသောသန္နိဋ္ဌာန်ကို ချမှတ်ရမည် ဖြစ်သည်။

သို့ဖြစ်ရာ တစ်ဦးနှင့် တစ်ဦး ယုံကြည်ပူးပေါင်းလက်တွဲ၍ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်နေသော တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရမည်ပါကြောင်း။ ။