Skip to main content

တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

မန္တလေး   မတ်     ၄

တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဆာကူရာ ဟိုတယ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များသည် ရာသီဥတု ပြောင်းလဲမှုနှင့်အတူ ယခင်ကာလများထက် ဖြစ်ပွားမှုအကြိမ်အရေအတွက်နှင့် ပြင်းအားများ ပိုမိုမြင့်မားလာခဲ့ပြီး ခန့်မှန်းရခက်ခဲသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲ ဘေးအန္တရာယ် များကို သိသာထင်ရှားစွာ မြင်တွေ့လာရမည်ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်များမှာ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကြိုတင်ခန့်မှန်းခြင်း၊ တုန့်ပြန်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းများ ပါဝင်ကြောင်းနှင့် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များ အတွက်ကိုပါ ကြိုတင်ထည့်သွင်းဆောင်ရွက်ခြင်း၊ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်သော မြန်မာနိုင်ငံ ဖြစ်လာစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများက ကျရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက်များ အကောင်ထည်ဖော်ဆောင်ခြင်း၏ မျှော်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် လွှမ်းခြုံနိုင်မှုများ၊ မန္တလေးတိုင်းဒေသကြီးဆိုင်ရာ အခြေခံအချက်အလက်များ၊ ဘေးအန္တရာယ်ဆိုင်ရာ အဆင့်သတ်မှတ်ချက်များ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအကြောင်း၊ အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ စီမံချက်များ၊ ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာ စီမံမှုများ၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိခိုက်မှုသက်သာစေခြင်းဆိုင်ရာ စီမံမှုများ၊ ပြန်လည်ထူထောင် ခြင်းဆိုင်ရာစီမံမှုများနှင့် ဦးစားပေးလုပ်ငန်းများအကြောင်းကို တင်ပြဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ငလျင်ဘေး (၁၀) ကြိမ်၊ မီးဘေး (၁၉၉၇) ကြိမ်၊ သစ်တောမီးဘေး (၁) ကြိမ်၊ ရေဘေး (၁၇၇) ကြိမ်၊ ရုတ်တရက်ရေကြီးခြင်း (၈) ကြိမ်၊ ကမ်းပြိုခြင်းဘေး (၁၇၃) ကြိမ်၊ မြေပြိုခြင်းဘေး (၁၃) ကြိမ်၊ လေမုန်တိုင်းနှင့် လေပြင်းဘေး (၄၆၇) ကြိမ်၊ မိုးကြိုးဘေး (၃၂) ကြိမ်နှင့် အခြားသဘာဝဘေး (၁၁) ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ (၂၂၂) ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၂၇၈,၀၅၃) ဦးရှိခဲ့ကြောင်း Myanmar Disaster Loss and Damage Database (MDLD)၏ အနီးစပ်ဆုံးပြုစုထားသော စာရင်းများအရ သိရသည်။

ထိပ်ထားနိုင်