ရန်ကုန် မတ် ၄
အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ ဘဒ္ဒန္တ အဂ္ဂဓမ္မ က သဘာပတိဆရာတော်အဖြစ် ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသ က အခမ်းအနားမှူး ဆရာတော်အဖြစ် ဆောင်ရွက် တော်မူသည်။
ရှေးဦးစွာ အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူကြသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထား ပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ထို့နောက် ဖြန့်ဝေဆက်ကပ်ထားသော အစီအစဉ်တွင် ပါရှိသည့်အတိုင်း အစည်းအဝေး ကျင်းပ သွားမည်ဖြစ်ကြောင်း လျှောက်ထားပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ က တင်ပြလာသော အကြံဉာဏ်များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်များဖြစ်ကြသည့် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မာစာရ နှင့် သာသနဓဇ ဓမ္မာစရိယ ဝိနယဓရ ၊ Ph.D ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ တို့က ရှင်းလင်းပြန်ကြားပြီး နံနက်ပိုင်း အစည်းအဝေးကို ရပ်နားသည်။
မွန်းလွဲပိုင်းတွင် သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း သင်တန်းသား ဆရာတော်များက အကြံပြုတင်ပြ လျှောက်ထားလာသည့် ကိစ္စရပ်များ၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အထက် အောက် တွေ့ဆုံညှိနှိုင်းပွဲများ ပြုလုပ်ရေး တင်ပြလျှောက်ထားလာသည့် ကိစ္စရပ်များ၊ သံဃ နာယက အဆင့်ဆင့် အစားထိုးရွေးချယ်ရာ၌ သက်တမ်း သတ်မှတ်ချက်နှင့် ပတ်သက်၍ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းရန်ကိစ္စ တင်ပြလျှောက်ထားခြင်းများနှင့် စပ်လျဉ်းပြီး ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ယင်းနောက် ပျံလွန်တော်မူသွားသော မဟာဒွါရဂိုဏ်းဆိုင်ရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်နေရာအတွက် အစားထိုးရွေးချယ် ခံရသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်၏ ဘွဲ့အမည်စာရင်းကို တင်သွင်း၍ အတည်ပြုချက်ရယူပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သော အစီရင်ခံစာကို ဝိနိစ္ဆယ ရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကဏ္ဍအလိုက် ကိုယ်စားလှယ်ဆရာတော်များက ဆွေးနွေးကြသည်။
တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာအပေါ် ဝေဖန် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဓမ္မာစာရ က ပြန်လည်ရှင်းလင်း လျှောက်ထားပြီး ဒုတိယနေ့အစည်းအဝေးကို ရပ်နားသည်။
ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်များအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် အမှတ် ၃၃ ဗိုလ်ရာညွန့်လမ်း ဒဂုံမြို့နယ်နေ မိခင်ကြီး ဒေါ်တင်ဝင်းရီအား အမှူးထား၍ ဗိုလ်မှူးကြီး သိန်းဌေး(ငြိမ်း)-ဒေါက်တာမြသီတာ(သီဟသုဓမ္မသိင်္ဂီ)မိသားစုက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)