လွန်ခဲ့သည့် ၇၅ နှစ်တာကာလက မြန်မာနိုင်ငံသည် လွတ်လပ်သည့် နိုင်ငံဘဝသို့ မရောက်သေး။ လွတ်လပ်ရေးရယူနိုင်ရန်အတွက် ကြိုးပမ်းရုန်းကန် နေကြရသည့် အချိန်ဖြစ်သည်။ ထိုစဉ်က စည်းလုံးညီညွတ်ခဲ့ကြပြီး မိမိတို့၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့်အတွက် လွတ်လပ်ရေး ရခဲ့သည်။
မျက်မှောက်ကာလ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု ဆိုသည်နှင့် ပင်လုံညီလာခံ၊ ပင်လုံစာချုပ်တို့ကို မြင်ယောင်မိကြသည်။ ပင်လုံညီလာခံသည် တောင်တန်းနှင့် မြေပြန့်တို့ ပူးပေါင်းရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သော ညီလာခံဖြစ်သည်။ စည်းလုံးညီညွတ်ရေး ဆွေးနွေးညှိနှိုင်းကြရာတွင် အနှောင့်အယှက်ကင်းကင်း ရှောရှောရှူရှူ၊ လွယ်လွယ်ကူကူမဟုတ်ဘဲ ကျိတ်ပုန်းခုတ် သွေးခွဲခြေထိုးမှုများနှင့် ပယောဂများ၊ သံသယများကြားမှ ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ကြရခြင်းဖြစ်သည်။ ပင်လုံညီလာခံမတိုင်မီ တစ်နှစ်ခန့်ကတည်းကပင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာ၌ တောင်တန်း ဒေသများကို ချန်လှပ်ထားပြီး ဘုရင်ခံ၏ လက်အောက်တွင် ဒိုမီနီယန်အဆင့်အတန်းဖြင့် ထားရှိခြင်းကို လက်ခံရန် ဂဠုန်ဦးစောကဲ့သို့သော လက်ဟောင်း ကိုယ်ကျိုးရှာ နိုင်ငံရေးသမားများ၊ နယ်ချဲ့ ဗြိတိသျှအစိုးရ၏ ကိုယ်စားလှယ် အရာရှိများက ရှမ်းပြည်နယ်အတွင်း လှည့်လည်စည်းရုံးနေခဲ့ကြပြီး စော်ဘွား များ၊ ဒူဝါများကို သွေးထိုးခဲ့ကြသည်။
၎င်းတို့ သွေးထိုးခဲ့ကြသည့် စကားအချို့က ပဒေသရာဇ်အာဏာကို မစွန့်လွှတ်လိုသည့် စော်ဘွားအချို့နှင့် ဒူဝါအချို့ကို တွေဝေသွားစေခဲ့သည်။ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်း၌ ရှေ့လျှောက်ပြီး မိမိတို့အတူတကွ အနာဂတ်ကို ဘယ်လိုရင်ဆိုင်မလဲဆိုသည့်အချက်မှာ အရေးအကြီးဆုံးဖြစ်ကြောင်း၊ ပြည်တွင်းရှိ ပြဿနာကို မိမိတို့အချင်းချင်းသာ ဖြေရှင်းယူရမှာဖြစ်ကြောင်း၊ အမြော်အမြင်မရှိသူ၊ အမြင်ကျဉ်းသူတွေက တောင်တန်းဒေသ၏ အကျိုးစီးပွားသည် မြန်မာနိုင်ငံ၏ ပြင်ပမှာရှိသည်ဟု စိတ်ကူးယဉ်နေပုံရကြောင်း၊ သမိုင်းတစ်လျှောက်လုံးတွင် ပြည်မနှင့် တောင်တန်းဒေသများ ခိုင်မြဲစွာ လက်တွဲနေထိုင်လာခဲ့ကြသည့်အတိုင်း ယခုလည်း နေထိုင်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး စည်းလုံးညီညွတ်သည့် မြန်မာနိုင်ငံအဖြစ် တည်ဆောက်ကြရမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ရာ တိုင်းရင်းသားကိုယ်စားလှယ်များက နှစ်သက် လက်ခံခဲ့ကြသည်။
လွန်ခဲ့သည့် ၇၅ နှစ်က ပင်လုံတွင် ပေါင်းစည်းခဲ့ကြခြင်း၊ စည်းလုံးညီညွတ်ခဲ့ကြခြင်းကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ခဲ့သည်။ ပေါင်းစည်းခဲ့ကြရခြင်းသည် တကွဲတပြား တိုင်းငယ်ပြည်ငယ်ကလေးများအဖြစ် အင်အားချည့်နဲ့ မနေစေရန်ဖြစ်ပြီး စည်းလုံးညီညွတ်ခဲ့ကြခြင်းသည်လည်း အင်အားတောင့်တင်း ခိုင်မာစွာဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ဖြစ်သည်။ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံအနေဖြင့် စည်းလုံးညီညွတ်မှုက အသက်ဖြစ်သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စုသည် ဆက်လက်တည်ရှိ နိုင်မည်မဟုတ်။ မျက်မှောက်ကမ္ဘာတွင် နိုင်ငံများသည်ပင် အထီးတည်းရပ်တည်နေ၍ မရဘဲ ပထဝီအနေအထားတူရာ၊ အကျိုးစီးပွားတူရာ၊ ကိုးကွယ်သည့် ဘာသာတရားတူရာ စသည်ဖြင့် တူရာတူရာ စည်းရုံးကြကာ အသင်း၊ အဖွဲ့၊ သမဂ္ဂများအဖြစ် စုစည်းထားကြပြီး အရေးကြုံလာသည့်အခါ တစ်စုတစ်စည်းတည်း ရင်ဆိုင်ဖြေရှင်းကြရသည်။ ကမ္ဘာ့နိုင်ငံရေး မြင်ကွင်းကျယ်ကို ကြည့်ပါက အင်အားကြီးနိုင်ငံများနှင့် အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံစုံအသင်းများ၊ နိုင်ငံစုံအဖွဲ့များ၊ နိုင်ငံစုသမဂ္ဂများ၏ လှုပ်ရှားမှုများကိုသာ အဓိက တွေ့မြင်ရမှာ ဖြစ်သည်။
ပစ္စက္ခမိမိတို့နိုင်ငံသည် အင်အားတောင့်တင်း ခိုင်မာရေးအတွက် တည်ဆောက်မှုများများစွာ ပြုလုပ်ရန်လိုအပ်သည်ကို နိုင်ငံသူ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး သိရှိကြပြီး ဖြစ်သည်။ နိုင်ငံအင်အား တောင့်တင်းရေးဟုဆိုရာတွင် စည်းလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်ရန်နှင့် နိုင်ငံကြီးပွား ချမ်းသာရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့က အဓိကဖြစ်သည်။ တစ်ဖန် စည်းလုံးညီညွတ်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှလည်း စည်းလုံးညီညွတ်မှုကို ဆောင်ကြဉ်းနိုင်မည်ဟူ၍ သတိပြုကြရမည် ဖြစ်ပါကြောင်း။ ။