Skip to main content

တစ်နှစ်ပြည့်အလွန်တာဝန် တည်ငြိမ်အေးချမ်းလုံခြုံရေး

ငါးနှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲက မြန်မာနိုင်ငံကဲ့သို့သော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ အတွက် လွန်စွာအရေးကြီးသည်။ အထူးသဖြင့် ဒီမိုကရေစီသက်တမ်း လွန်စွာနုနယ်သေးသည့် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီလမ်းကြောင်းမှ ဖယ်ကြဉ်တိမ်းစောင်း မသွားစေရေးကလည်း ပို၍ပင်အရေးကြီးသေးသည်။ ဝါရင့်ဒီမိုကရေစီ နိုင်ငံကြီးများ၏ သမိုင်းအတွေ့အကြုံများအရ ဒီမိုကရေစီထူထောင်ရေး လမ်းကြောင်းများမှာ လွယ်လွယ်ကူကူ၊ ချောချောမွေ့မွေ့မဟုတ်ဘဲ အခက်အခဲ၊ အကျပ်အတည်းများကို ကြမ်းကြမ်း တမ်းတမ်း ရင်ဆိုင်ကျော်လွှားခဲ့ကြရသည့် သာဓကများရှိသည်။

ဒီမိုကရေစီစနစ်များ ပြိုကွဲမှု၊ ကျဆုံးမှုတို့၏လက်သည်များတွင် အများကြိုက် လူထုခေါင်းဆောင် ဆိုသူများလည်းပါဝင်ရာ ဒီမိုကရေစီသည် ၎င်းတို့၏လက်ထဲတွင် ပြိုလဲမှန်းမသိပြိုလဲ။ ပျက်စီးမှန်းမသိ ပျက်စီးသွားတတ်ကြောင်း နိုင်ငံရေးသိပ္ပံသုတေသီတို့က ဆိုထားသည်။ ပြည်သူလူထုကိုယ်တိုင် ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် ဒီမိုကရေစီကို လုံးပါးပါးစေရာတွင် ဒီမိုကရေစီ၏ အသွင်သဏ္ဌာန်တို့ အပေါ်ယံ၌ ဆက်လက် တည်ရှိနေပြီး ပြည်သူလူထုကလည်း အရာရာတို့ နေသားတကျရှိနေသည်ဟု ယုံကြည်နေတတ် ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် အကြိုကာလမှာကတည်းက ကန့်ကွက်မှုများ၊ တောင်းဆိုမှု များ၊ ငြင်းဆန်မှုများ၊ မျက်ကွယ် ပြုမှုများဖြင့် တည်ငြိမ်မှုကင်းမဲ့ခဲ့သလို ရွေးကောက်ပွဲအပြီးတွင်လည်း ထိုနည်းနှင်နှင်ပင်။ သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်တို့က ဖြေရှင်းရန် လိုအပ်ပါလျက် တာဝန်ယူ ဆောင်ရွက်ခြင်း ကင်းမဲ့စွာ ပျက်ကွက်ခဲ့ခြင်း၊ နိုင်ငံ့အာဏာကို ဇွတ်ရယူရန် ကြိုးပမ်းခြင်းတို့က ဒီမိုကရေစီလမ်းကြောင်းကို တိမ်းစောင်းသွားစေခဲ့ပြီး အင်အားကြီးသူက အင်အားဖြင့် လွှမ်းမိုးမှု ပေါ်ပေါက်လာသည်။ ယင်းသို့သော အခြေအနေကို ပါတီထောက်ခံသူ အစွန်းရောက်များ၊ လော်ဘီမီဒီယာများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများဖြင့် ငါတကောကောကာ ရှေ့ဆက်တိုးကြရာမှ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော်၏ အာဏာထိန်းသိမ်းမှု ဖြစ်ပေါ်လာခဲ့ ရသည်။

ယခုတစ်နှစ်ပြည့်မြောက်သည့် ကာလတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅) ရပ်အနက် ပြီးမြောက်သည်တို့ရှိသကဲ့သို့ ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေ သည်များလည်း ရှိနေသည်။ အထူးသဖြင့် ရွေးကောက်ပွဲမဲပေးရာတွင် အရေးပါသည့် အထောက်အထား ဖြစ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမှုတို့ ဆက်လက် ကျန်ရှိနေသည်။ ထို့အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘ၀လုံခြုံရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်ပြုလုပ်ရန် ကျန်ရှိနေသည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရာတွင် တည်ငြိမ်အေးချမ်းမှုက မဖြစ်မနေ လိုအပ်သည်။ တည်ငြိမ် အေးချမ်းမှုကင်းမဲ့၍ ပြည်သူများဘဝ မလုံခြုံနိုင်သည့်နေရာများတွင် ဒီမိုကရေစီကို ကျင့်သုံး၍ ရနိုင်မည်မဟုတ်။ ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ဒီမိုကရေစီဟူ၍ ကြွေးကြော်ကာ ဆန္ဒပြမှုမှသည် တစ်ဆင့်ပြီးတစ်ဆင့် တက်ကာ အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီးမှုများဖြင့် နိုင်ငံအလုံးစုံပျက်သုဉ်းရေးဆီ ဦးတည်နေကြသည်ကို တွေ့ခဲ့ကြရပြီးဖြစ်သည်။ ဆက်လက်၍လည်း နိုင်ငံကို မပျက်ပျက်အောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။

နိုင်ငံနှင့်ပြည်သူတို့၏ အနာဂတ်ကောင်းရန်အတွက်မှာ အကြမ်းဖက်ခြင်း၊ လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းတို့အလျှင်းမရှိ၊ ပကတိတည်ငြိမ် အေးချမ်းနေဖို့လိုသည်။ နိုင်ငံရေးကို အခြားနည်းဖြင့် ဖြေရှင်းရန်မလိုဘဲ လမ်းကြောင်းလည်းရှိနေပြီးဖြစ်ရာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော ပေါင်းစုအင်အားများဖြင့် ဆောင်ရွက် သွားကြရပါမည့်အကြောင်း။ ။