Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်တာခရီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်မှာ တစ်နှစ်တာခရီးရောက်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နှစ်တာကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို ပြတ်ပြတ်ထင်ထင် မြင်တွေ့ရမည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးခရီးလမ်းတွင် အကွေ့အကောက်၊ အတက်၊ အကျ၊ အလှည့်အပြောင်း အမျိုးမျိုး တို့ကို ကြုံတွေ့ခဲ့ဖူးသည်။ ယနေ့မြန်မာ့နိုင်ငံရေး ခရီးသည် တစ်မူထူးခြားသည့် အလှည့်အပြောင်း ခရီးတစ်ခုဟု ဆိုနိုင်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအား တိုင်းသူပြည်သားများ လိုလားနှစ်သက်သည့် ဒီမိုကရေစီခရီးကို လျှောက်လှမ်းရာတွင် စစ်မှန်သည့် ဒီမိုကရေစီ ဦးတည်ရာလမ်းကိုသွေဖည်၍ တစ်ပါတီအာဏာရရှိရေး မရိုးမသားဆောင်ရွက်မှုကြောင့် မြန်မာ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာသည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဓမ္မဋ္ဌာန်ကျကျ ရှေ့နောက်ဆင်ခြင်ကြည့်ပါမှ ပကတိ ဖြစ်စဉ်အမှန်တရားကို အထင်အရှားမြင်တွေ့နိုင်မည် ဖြစ်သည်။ တပ်မတော်က နိုင်ငံတော် တာဝန်ကို ရယူမထိန်းသိမ်းမီအခြေအနေနှင့် ရယူထိန်းသိမ်းပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေ များကို မှန်မှန်ကန်ကန်ရှုမြင် ဆင်ခြင်လျှင် အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို ခွဲခြားတွေ့မြင်နိုင်မည်။ ယင်းတို့တွင် အဆိုးနုတ်၊ အကောင်းထုတ်၍ နိုင်ငံတော်ကို ပြန်လည်တည့်မတ်အောင် တစ်နှစ်တာဆောင်ရွက်ခဲ့မှုများကို ထင်ရှားပေါ်လွင်စွာ မြင်တွေ့ရမည် ဖြစ်သည်။

နိုင်ငံတော်ကို ယခင်တာဝန်ယူဆောင်ရွက်ခဲ့သော အစိုးရဟောင်းကအာဏာ သက်တမ်းရှည်ကြာ ရေးအတွက် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မရိုးမသားဆောင်ရွက်မှုများသည် အဓိကကျသော အကြောင်းရင်းခံဖြစ်သော်လည်း မြန်မာနိုင်ငံ လုံခြုံရေးနှင့် အစဉ်အလာကြီးမားသော မြန်မာတို့၏ထူးခြားသည့်ဝိသေသ လက္ခဏာများ ယိုယွင်းပျက်စီးစေအောင် ဖန်တီးခဲ့သော အစိုးရဟောင်း၏ ဆောင်ရွက်ချက်များမှာ လျစ်လျူရှု မျက်ကွယ်ပြု၍ မရနိုင်သောအချက်များ ဖြစ်သည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ ဘာသာ၊ သာသနာ၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တများ မြင့်မား ခိုင်ကျည်သောနိုင်ငံ ဖြစ်သည်။ မျက်မှောက်ကာလ၌ နိုင်ငံကို ခေတ်နှင့်အညီလိုက်ပါတိုးတက်အောင် ဆောင်ရွက်ရာတွင် မြန်မာတို့၏ အစဉ်အလာ ကြီးမားသော လေ့စရိုက်နှင့် ယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါသည်။ တပ်မတော်က နိုင်ငံတော်တာဝန်မယူမီကာလက မြန်မာတို့၏ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုများ ဖျက်ဆီးခံခဲ့ရသည်။ မြန်မာတို့၏ လူမှုစံနှုန်းများ၊ စီးပွားရေး၊ စီမံခန့်ခွဲ အုပ်ချုပ်ရေး အားနည်းချွတ်ယွင်းမှုများကြောင့် တိုင်းပြည်မှာ အနုတ်လက္ခဏာ ဆောင်လာသည် ကို မြင်တွေ့ရသည်။

အစိုးရဟောင်း၏မရိုးမသားဆောင်ရွက်မှုများ၊ အခွင့်အာဏာအလွဲသုံးစားမှုများနှင့် နိုင်ငံတော်အာဏာကို အဓမ္မရယူရန် ကြိုးပမ်းဆောင်ရွက် မှုများကြောင့် တပ်မတော်က နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်၏ အနာဂတ်အရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် အလှည့်အပြောင်းတစ်ခု သို့မဟုတ် အမျိုးသားရေးတာဝန်ဟု ဆိုနိုင်ပါသည်။ တပ်မတော်က နိုင်ငံတော်တာဝန်ယူခဲ့သည့် ကြားကာလသည် ယိုယွင်းခဲ့သောနိုင်ငံတော်ကို ပြန်လည်တည့်မတ်အောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ရိုးရှင်းစွာရှုမြင်နိုင်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ပြန်လည်တည့်မတ် ကောင်းမွန်လာ စေရန်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေသည်။ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွား ပျက်ပြားစေရန် တစိုက်မတ်မတ် ကြံစည်အားထုတ် ဆောင်ရွက်နေသော အကြမ်းဖက် အဖျက်သမားများအား ရှင်းလင်းဖယ်ရှားပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ကြိုးပမ်းဆောင်ရွက်နေသည်။

တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အစဉ်အဆက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက် လျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားတိုးတက်ရေး၊ နိုင်ငံတော် ဖွံ့ဖြိုးရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့်ပြည်သူ အကျိုးကိုရှေးရှု၍ နိုင်ငံတော်၏အနာဂတ်နှင့် ပကတိလိုအပ်ချက် အတွက် တစ်နှစ်တာကာလအတွင်း ထိထိရောက်ရောက်ခရီးပေါက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ရှုမြင်ပါကြောင်း။ ။