နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးက အရေးကြီးသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး အခြေခံစီးပွားရေး နိုင်ငံဖြစ်ခြင်း ကြောင့် စိုက်ပျိုးမွေးမြူထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ရာ အဓိက စိုက်ပျိုးထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း တို့ကို ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး ကူညီပံ့ပိုး တွန်းအားပေးဖို့ လိုအပ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ပနိုင်ငံများသို့ ပို့ကုန်များ ယခုထက် ပိုမိုတင်ပို့ရန်၊ သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းထက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို တင်ပို့ရောင်းချနိုင်ရေး အားပေး ရန်၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့် ထုတ်ကုန်၊ အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်အောင် ကြိုးပမ်းကြရန် ပြောကြားခဲ့ရာ လက်တွေ့ကျကျ အားထုတ်ဆောင်ရွက်ကြခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာသည့် အကျိုး၊ နိုင်ငံအတွက် ပြည်ပဝင်ငွေများ တိုးတက်ရရှိသည့် အကျိုးတို့ ဖြစ်ထွန်းလာမည်ဖြစ်သည်။
နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရောင်းချနေသည့် ခေတ်မီကုန်တိုက်ကြီးများ၊ စတိုးဆိုင်များတွင် ဆန်၊ ပဲ၊ ပြောင်း တို့ကို အခြေခံ၍ ထုတ်လုပ်ထား သည့် စားသောက်ကုန်အမယ်များစွာကို ရာနှင့်ချီ၍ တွေ့မြင်နိုင်သည်။ အရည်အသွေး၊ အနံ့ အရသာတို့ ကောင်းမွန်ပြီး ဝယ်ချင်စရာကောင်းအောင် ဆွဲဆောင် လှပသည့်ထုပ်ပိုးမှုများဖြင့် ရောင်းချနေသည့် အဆိုပါစားသောက် ကုန်များကို မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ကိုရီးယား၊ တရုတ်၊ ဂျပန် စသည်တို့မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိနိုင်သည်။ အချို့သော စားသောက်ကုန်များမှာ မိမိတို့ နိုင်ငံကဲ့သို့သော စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည့်နိုင်ငံများမှ ကုန်ကြမ်းများကို ဝယ်ယူပြီး ၎င်းတို့ နိုင်ငံတွင် တန်ဖိုးမြင့် ကုန်ချောများအဖြစ် ထုတ်လုပ်ကာ ပြန်လည်တင်ပို့ ရောင်းချကြခြင်း ဖြစ်သည်။ မိမိနိုင်ငံအတွင်း စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့် ထုတ်ကုန်များကိုပါ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်မည်ဆိုပါက နိုင်ငံအတွင်း စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိလာကြမည် ဖြစ်သည်။
သယံဇာတများကို အမှီပြုရသည့် စီးပွားရေးမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ သဘာဝသယံဇာတများဆိုသည်မှာ ကုန်ခန်းသွားမည်သာ ဖြစ်သည့် အတွက် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ခြင်း၊ တန်ဖိုးမြင့် စားသောက်ကုန်၊ လူသုံးကုန်များ ထုတ်လုပ်ခြင်းတို့မှ စတင်ကာ အနာဂတ်တွင် နည်းပညာမြင့် စက်မှု လုပ်ငန်းများ ထူထောင်နိုင်သည်အထိ မျှော်မှန်းဆောင်ရွက် သွားကြရမှာဖြစ်သည်။ လက်ရှိအခြေအနေတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့တွင် ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်သည့်အလျောက် ဆန်၊ ပဲ၊ ပြောင်း ကဲ့သို့သော စားသောက်ကုန်များ ထုတ်လုပ်မှုမှာ အရေးပါနေဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေ ဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်များရှိနေခြင်းက အားသာချက်တစ်ရပ် ဖြစ်သည်။
နည်းပညာမြင့် ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များက တန်ဖိုးအားဖြင့် လွန်စွာနည်းပါးသည်။ သို့ရာတွင် အသက်ရှင်သန်ရေးတွင် မစား၍ မရသည့်အတွက် စိုက်ပျိုးမွေးမြူထွက်ကုန် စားသောက်ကုန်များက မရှိမဖြစ် အရေးကြီးပြန်သည်။ စိုက်ပျိုးမွေးမြူရေးကို ခေတ်မီစေပြီး တန်ဖိုးမြင့်ထုတ်ကုန်၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းက မိမိတို့နိုင်ငံအတွက် အဖြစ်နိုင်ဆုံးသော ခြေလှမ်းပင်ဖြစ်သည်။ မိုင်ရာချီမည့် ခရီးစဉ်အတွက် ပထမဆုံး ခြေလှမ်းသည် စတင်တာထွက်ခြင်းပင်ဖြစ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နည်းပညာမြင့် စက်မှုနိုင်ငံပန်းတိုင်ဆီ သို့ ဦးတည် လျှောက်လှမ်းကြရမည်ဟု ယုံကြည်ပါကြောင်း။ ။