Skip to main content

ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်တွေနဲ့ ပြည့်စုံဖို့

ယခုနှစ်သည် မြန်မာနိုင်ငံ၏ စိန်ရတုလွတ်လပ်ရေး အကြိုနှစ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုနှစ်ကို အရေးပါသည့် နှစ်အဖြစ် သတ်မှတ်ထားသည်။ လာမည့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စိန်ရတု ပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရန် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံဖို့အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရမည်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ် စတုတ္ထအချက်ထဲတွင်လည်း ဖော်ပြပြီးဖြစ်၍ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လို ကြောင်းကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

၂၀၂၂ ခုနှစ်သည် မြန်မာနိုင်ငံထက် လေးလကျော်စော၍ လွတ်လပ်ရေးရရှိခဲ့သော အိန္ဒိယနိုင်ငံအဖို့မူ ၇၅ နှစ်မြောက် လွတ်လပ်ရေး၊ စိန်ရတု လွတ်လပ်ရေး နှစ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် သတ္တမမြောက်အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံ၊ ကိုးကွယ်သည့် ဘာသာတရားအများအပြားရှိသလို ပြောဆိုသည့် ဘာသာစကား ၄၅၀ ခန့်ကွဲပြားသည့် နိုင်ငံ၊ လွတ်လပ်ရေးရယူချိန်တွင် ဘာသာရေးကို အကြောင်းပြု၍ ခွဲစိတ်ခံလိုက်ရသော ထိုနိုင်ငံကြီး သည် လွတ်လပ်ရေးရပြီးကာလ ဆယ်စုနှစ်များစွာကို ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းခဲ့ရသည်။ ခွဲထွက်ရေးဝါဒီများ၊ စစ်သွေးကြွ အမျိုးသားရေး ဝါဒီများနှင့် လက်ဝဲကွန်မြူနစ်ဝါဒီများ၏ အမှောင့်ပယောဂများကြောင့် အဓိကရုဏ်းများ၊ လူထုဆူပူအုံကြွမှုများ၊ ခွဲထွက်ရေးပုန်ကန်မှုများဖြင့် မုန်တိုင်းထန် ခဲ့သလို တိုင်းပြည်၏စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှုတို့ကလည်း အခြေအနေဆိုးရွားနေခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များသို့ ရောက်သည့်အခါ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် တိုင်းပြည်၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၉ မှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ဆယ်စုနှစ်တစ်ခုကျော် မှန်မှန်တိုးတက်ခဲ့ပြီး အိန္ဒိယပြည်သူပေါင်းများစွာတို့ ဆင်းရဲတွင်းမှ လွတ်မြောက်ခဲ့ကြသည်။ ၂၀၀၀ ပြည့်လွန်နှစ်များတွင်မူ အိန္ဒိယ၏အောင်မြင်မှုများကို ကမ္ဘာက အသိအမှတ်ပြုလာကြရသည်။ အိန္ဒိယပြည်တွင်းတွင်လည်း တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ ရရှိလာပြီး ခွဲထွက်ရေးနှင့် စစ်သွေးကြွတို့၏ ဆူပူအကြမ်းဖက် လှုပ်ရှားမှုများလည်း ငြိမ်ဆိတ်သွားခဲ့သည်။

အိန္ဒိယ၏ဥပမာကို သင်ခန်းစာယူပါက ဖွံ့ဖြိုးတိုးတက် အောင်မြင်ခြင်းသည် ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုတို့ကို ဆောင်ကြဉ်းပေးနိုင်ပြီး တစ်ပြိုင်တည်း မှာပင် ဆူပူအုံကြွမှု၊ ပုန်ကန်သောင်းကျန်းမှုတို့ကို ဆိတ်သုဉ်းသွားစေနိုင်ခြင်းပင် ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံတွင် ဆင်းရဲတွင်းနက်နေသရွေ့ ဒီမိုကရေစီစနစ်သည် ရှင်သန်ဖွံ့ဖြိုးနိုင်ခြင်းမရှိဟု ဆိုသည်။ နိုင်ငံသူ နိုင်ငံသားတို့၏ တစ်ဦးချင်း ဝင်ငွေအဆင့်အတန်းက ဒီမိုကရေစီသက်တမ်းကို ပြဋ္ဌာန်းနိုင်သည်ဟူ၍ လေ့လာတွေ့ရှိထားရာ တစ်ဦးချင်းဝင်ငွေများလေလေ၊ ဒီမိုကရေစီ သက်တမ်းရှည်လေလေပင်ဖြစ်ပြီး တစ်ဦးချင်းဝင်ငွေ အများဆုံးနိုင်ငံများမှာ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံးပင်ဖြစ်သည်။

စိန်ရတုပြည်ထောင်စုနေ့အကြို မိမိတို့နိုင်ငံ၏ မျက်မှောက်အခြေအနေမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် နိုင်ငံရေးအကြောင်းပြုသည့် အကြမ်းဖက် တိုက်ခိုက်မှုများက နိုင်ငံ၏ ရှေ့သို့လှမ်းရမည့် ခြေလှမ်းများကို အဟန့်အတားပြုလျက်ရှိသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရမည့် အချိန်တန်နေပြီဖြစ်သော်လည်း မလွတ်မြောက်နိုင်သေး။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးသည် ပြည်သူလူထု၏ အစစ်မှန်ဆုံးသော ဆန္ဒဖြစ်သလို နိုင်ငံအတွက်လည်း ပကတိလိုအပ်ချက်ဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးသည် သီးခြားစီ ရှာဖွေရမည့်အရာများ မဟုတ်ဘဲ တစ်ဆက်တစ်စပ်တည်းသာ ဖြစ်ကြောင်း၊ ပြင်ပတွင် ရှာဖွေရန်မဟုတ်ဘဲ မိမိတို့အားလုံး၏ အဇ္ဈတ္တသန္တာန်များတွင်သာ ရှာဖွေကြရမည်ဟူ၍ ယုံကြည်ပါကြောင်း။ ။