၁၈၈၆ ခုနှစ်မှစတင်ခဲ့သော မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆၊ ၁၉၄၇ ခုနှစ်များတွင် အရှိန်အဟုန် အမြင့်မားဆုံးသို့ ရောက်ရှိခဲ့သည်။ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှု နောက်တွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း တစ်သားတည်း တည်ရှိကာ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး၏ လွတ်လပ်ရေး အရယူခဲ့ပုံများကို သမိုင်းဝင် မှတ်တမ်းများတွင် လေ့လာကြည့်ပါက ကြက်သီးမွေးညင်းထဖွယ်ရာ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ကို တွေ့မြင်ကြရမည်ဖြစ်သည်။ ထို့အပြင် နယ်ချဲ့သမားတို့၏ ကောက်ကျစ်စဉ်းလဲ သလောက် လိမ္မာပါးနပ်လှသည့် ပရိယာယ်ကိုလည်း ထိုစဉ်က ပြည်သူတစ်ရပ်လုံး သိမြင်ခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် မဟာမိတ်နိုင်ငံ တစ်နိုင်ငံအနေဖြင့် စစ်နိုင်ခဲ့သော်လည်း ချွတ်ခြုံကျ ချည့်နဲ့သွားခဲ့သည့် ဗြိတိသျှတို့သည် တစ်ချိန်က ၎င်းတို့ကျူးကျော်သိမ်းပိုက်ခဲ့သည့် ကိုလိုနီ နိုင်ငံများကို လွတ်လပ်ရေး မပေးမဖြစ်ပေးရတော့မည့် အခြေအနေတွင် ပြဿနာများကို ပညာသားပါပါဖန်တီး၍ နိုင်ငံကို အပိုင်းပိုင်း ခွဲခြားပစ်ရန် ကြိုးပမ်းခဲ့သည်။ အိန္ဒိယကို အစိတ်အပိုင်းများ ခွဲခြမ်းပစ်ရန် Coupland Scheme ကို စီမံခဲ့ပြီးနောက် ဆာစတက်ဖို့ ခရစ်စ်ပါသည့် ကက်ဘိနက်မစ်ရှင်က ၁၉၄၆ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းမစ်ရှင်၏ အစီရင်ခံချက်အရ ပြည်နယ်အုပ်ချုပ်ရေး၊ ဗဟိုအုပ်ချုပ်ရေး၊ ပြည်နယ်များ မပေါင်းမနေရ အုပ်ချုပ်ရေးဟူ၍ သုံးမျိုးခွဲခြားစေပြီး နိုင်ငံကို ပါကစ္စတန်၊ ရာဂျာစတန်၊ ဟိန္ဒူစတန် စသည်ဖြင့် ခွဲရန်ကြိုးပမ်းခဲ့ကြသည်။ နယ်ချဲ့တို့၏ ပရိယာယ်ကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သိန်းနှင့်ချီ၍ သေဆုံးခဲ့ကြရသည်မှာ ယနေ့တိုင် မမေ့နိုင်စရာ သွေးစွန်းသော သမိုင်းဖြစ်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ မြေပုံမှာလည်း ပြောင်းလဲသွားခဲ့ရသည်။
မြန်မာနိုင်ငံတွင်လည်း တောင်တန်းဒေသများနှင့် ပြည်မ ဟူ၍ခွဲခြားကာ Divide and Rule ဖြင့် အုပ်ချုပ်ခဲ့သောကြောင့် ဖွံ့ဖြိုးမှုမတူ၊ အနေဝေးခဲ့ရသည့်အပြင် မယုံသင်္ကာစိတ်များကိုပါ သွင်းပေးခဲ့သည့် အတွက် သံသယမျိုးစေ့တို့ အညွန့်အညှောက် ပေါက်လာခဲ့သည်။ သို့သော် ထိုစဉ်က တိုးတက်သော အမြင်ရှိသည့် တိုင်းရင်းသားခေါင်းဆောင်များ၏ စည်းရုံးဦးဆောင်မှုဖြင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး တောင်တန်းမြေပြန့် စည်းလုံးညီညွတ်ခဲ့ကြကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် လွတ်လပ်သော မြန်မာပြည်အတွက် (၁) လွတ်လပ်ရမည်။ (၂) အချုပ်အခြာအာဏာပိုင်ရမည်။ (၃) သမ္မတနိုင်ငံဖြစ်ရမည်။ (၄) ပြည်ထောင်စုဖြစ်ရမည်ဟူသော အခြေခံအချက် (၄) ချက် ချမှတ်၍ အုပ်ချုပ်ရေးစည်းမျဉ်း ရေးဆွဲခဲ့ကြသည်။ ထို့အပြင် လုံးဝလွတ်လပ်ရေးကို အရယူရန် တညီတညွတ်တည်း ရှိခဲ့ကြပြီး နယ်ချဲ့တို့၏သွေးခွဲမှုများကို သတိပြုရှောင်ရှားကာ နယ်ချဲ့တို့၏ ပရိယာယ်ကိုလည်း ကျော်လွှားနိုင်ခဲ့ကြသည်။ ယင်းမှာ မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံထားခြင်းကြောင့် ပင်ဖြစ်သည်။
မျက်မှောက်ကမ္ဘာတွင် နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံ တစ်နိုင်ငံက နယ်ချဲ့ သိမ်းပိုက်မှု ပုံစံကို ပြောင်းလဲလိုက်ကြပြီ ဖြစ်သည်။ တစ်ချိန်က နယ်ချဲ့နိုင်ငံများကိုယ်တိုင်က ကိုလိုနီ နယ်ချဲ့စနစ်ကို ခဝါချလိုက်ကြပြီး ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ကမ္ဘာကြီး၏ ကံကြမ္မာကို ဖန်တီးရန် ကမ္ဘာ့အစီအစဉ် (world order) ကို ဦးဆောင်သည့်နေရာ၌ ယူလိုက်ကြသည်။ ယင်းနောက် ကမ္ဘာ့ ငွေကြေးအဖွဲ့အစည်းများ၊ စီးပွားရေးအဖွဲ့အစည်းများ အပါအဝင် အဖွဲ့အစည်းများစွာတို့မှတစ်ဆင့် အားနည်းချည့်နဲ့သည့် နိုင်ငံများ၊ ၎င်းတို့နှင့် မူဝါဒမတူသည့် နိုင်ငံများကို ထိန်းချုပ်ရန်၊ စွက်ဖက်ရန်၊ ဩဇာခံဖြစ်လာရန် ကြိုးပမ်းကြသည်။ ခေတ်သစ်ကိုလိုနီပုံစံကို ရင်ဆိုင်ရန်မှာ နိုင်ငံကို အင်အားပြည့်ဝသည့်နိုင်ငံ ဖြစ်စေရန် အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး အားသုံးရပ် ခိုင်မာတောင့်တင်းအောင် အစွမ်းကုန် ကြိုးပမ်းတည်ဆောက်ကြရမည်ဟု နှလုံးသွင်းနိုင်ကြရမည် ဖြစ်ပါကြောင်း။