"နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် အလွန်အရေးကြီးပါသည်။ မျိုးချစ် စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့် လူမျိုးကို ထိပါက မချိအောင်နာသည့် စိတ်ပင်ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ် အားနည်းပါက တိုင်းပြည်နှင့်လူမျိုးအတွက် များစွာ အန္တရာယ်ရှိ နိုင်ပါသည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်ကို မှတ်သားရပါသည်။
မျက်မှောက်ကာလတွင် မျိုးချစ်စိတ်ဓာတ်နှင့်ပတ်သက်၍ အလေးထား အသိပေးနှိုးဆော်ပေးရ မည့် အချိန်အခါကာလဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့သလို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ပင် ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိအချိန်အခါတွင် နိုင်ငံသားများ အကြား၌ မျိုးချစ်စိတ်ဓာတ် အားနည်းနေသည့် လက္ခဏာများရှိနေသည်ဟု ထင်မြင်ယူဆမိပါ သည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးအကျိုးကိုရှေးရှု၍ မျိုးချစ်စိတ်ဓာတ် ထက်သန် ခိုင်ကျည်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများမှ လူမျိုးအသီးသီးတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၊ မိမိလူမျိုးကိုထိလျှင် မခံနိုင် သောစိတ်၊ မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည့်စိတ်ဓာတ်များကို စွဲမြဲစွာ ခံယူကျင့်သုံးနေကြပါသည်။ ယင်းသည် နိုင်ငံအသီးသီး ကိုယ်စီထားရှိကြသော မျိုးချစ်စိတ်ဓာတ်ဖြစ်ပါသည်။ ထိုစိတ်ထားများမထားရှိဘဲ သူတစ်ပါးကို အားကိုး သည့်စိတ်ဖြင့် အချင်းချင်းစိတ်ဝမ်းကွဲနေကြမည်ဆိုလျှင် ထိုနိုင်ငံ၊ ထိုလူမျိုးတို့၌ မျိုးချစ်စိတ်ဓာတ် ပါးလျားပျက်သုဉ်းလာပြီး နောက်ဆုံးတွင် တိုင်းပြည်ပြိုကွဲ ပျက်စီးခြင်းအဖြစ်သို့ ရောက်ရသည်ကို မြင်တွေ့နိုင်ပါသည်။
မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို ဆင်ခြင်ကြည့်မည်ဆိုလျှင် မျိုးချစ်စိတ်ဓာတ် ပါးလျားလာခြင်း သည် အဓိကအကြောင်း ရင်းခံဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပါးလျားလာခြင်း၏ ဇစ်မြစ်သည် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အာဏာစွဲများကို အကြောင်းခံ၍ သွေးကွဲစေသော ပရိယာယ်အမျိုးမျိုးမှ ပေါ်ပေါက်လာသည်ဟုဆိုနိုင်သည်။ လွတ်လပ်ရေးမရမီကာလ သွေးကွဲမှုများ၊ လွတ်လပ်ရေးရပြီးကာလ သွေးကွဲမှုများ၊ မျက်မှောက်ကာလ သွေးကွဲမှုများသည် မျိုးချစ်စိတ်ဓာတ် ပျက်သုဉ်းခြင်းအကျိုး ဖြစ်လာသည်။ မျိုးချစ်စိတ်ဓာတ် ပျက်သုဉ်းသောအခါ အချင်းချင်းမညီညွတ်ဘဲရန်လိုတုဖက် ပဋိပက္ခများဖြင့် မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်း၊ မဖွံ့ဖြိုးခြင်းတို့ ဖြစ်ပေါ်လာသည်။
အဓိကမှာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိစာပေ၊ မိမိတို့ယဉ်ကျေးမှုတို့ကို မလေးစားခြင်း၊ တန်ဖိုးမထားခြင်း၊ ပစ်ပယ်ခြင်း၊ အခြားနိုင်ငံ၊ အခြားလူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို တန်ဖိုးထားခြင်း၊ အထင်ကြီးခြင်းတို့သည် မျိုးချစ်စိတ်ဓာတ် လျော့ပါး ပျက်သုဉ်းစေသော အချက်များဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် လျော့ပါးပျက်သုဉ်းလာသောအခါ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားမှု မရှိနိုင်တော့ဘဲ မိမိတို့ အသိုက်အဝန်းကို မိမိတို့ကိုယ်တိုင်ဖျက်ဆီးဖို့ရန် ဝန်လေးခြင်းမရှိတော့ပေ။ ထို့ကြောင့် မျက်မှောက်ကာလတွင် နိုင်ငံ၏ယဉ်ကျေးမှုလေ့စရိုက်နှင့် မဆီလျော်သည့် မဖြစ်သင့်မဖြစ် ထိုက်သော၊ စိတ်မချမ်းသာစရာများ၊ မနှစ်မြို့ဖွယ်ရာအဖြစ်များနှင့် ကြုံတွေ့လာရသည်။ မိမိဘာသာ၊ သာသနာ၊ လူမျိုးနှင့် ယဉ်ကျေးမှုများကို ဖျက်ဆီး သည့်လုပ်ရပ်များ ပြုလုပ်လာကြသည်။
သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုး ပြည်သူအားလုံးတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ထုတ်ဖော်မြှင့်တင် ထိန်းသိမ်းစောင့်ရှောက် ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အရေးကြီးသောကိစ္စရပ်တစ်ရပ်အဖြစ်၊ အမျိုးသားရေးတာဝန်အဖြစ် ထမ်းဆောင်ကြရမည် ဖြစ်သည်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသော စိတ်၊ မိမိတို့၏ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာများကို မြတ်နိုးတန်ဖိုးထားလေးစားကြပြီး မျိုးချစ်စိတ်ဓာတ်များ မြင့်မားခိုင်ကျည်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။ ။