Skip to main content

ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ်နှင့် ဒေါက်တာ ခရစ်တိုဖာ စတိတ်ကာ တို့က ရန်ကုန်တက္ကသိုလ်၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာများ ဟောပြော

ရန်ကုန်  မတ်  ၅

ဗြိတိန်နိုင်ငံ လိုက်ဒန်တက္ကသိုလ်နှင့် မစ်ဒယ်ဆက်စ်တက္ကသိုလ်တို့မှ နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ် သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ICJ အတွေ့အကြုံများနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာများကို ဟောပြောသည်။

အဆိုပါဟောပြောပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မဟာဗျုဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့မှ ဆရာ ဆရာမများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ တရားရုံးနှင့် စပ်လျဉ်းသော ဥပဒေရေးရာ အထောက်အကူပြုအဖွဲ့၊  အပြည်ပြည်ဆိုင်ရာ ပြစ်မှုတရားစီရင်ရေးနှင့် စပ်လျဉ်းသော အထူးအဖွဲ့တို့မှ တာဝန်ရှိသူများ စုစုပေါင်း ၁၆၀ နှင့် တက္ကသိုလ်အသီးသီးမှ ဥပဒေပညာနှင့် ဆက်စပ်သော ကျောင်းသားကျောင်းသူ ၉၈၅ ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ်နှင့် ပရိသတ်များအား မိတ်ဆက်ပေးသည်။

ထို့နောက် နိုင်ငံတကာ ဥပဒေပညာရှင် ပါမောက္ခ မစ္စတာ ဝီလျံရှေးဘတ်စ် က ဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးခွန်းများကို    ပြန်လည်ဆွေးနွေး ဖြေကြားသည်။

မွန်းလွဲပိုင်းတွင် အင်္ဂလန်နှင့် ဝေလပြည်နယ်ဆိုင်ရာ ရှေ့နေများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ နိုင်ငံတကာ ဥပဒေပညာရှင် ဒေါက်တာ ခရစ်တိုဖာ စတိတ်ကာကလည်း ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ဥပဒေပညာရပ်ဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့သည်။

(သတင်းစဉ်)