ရန်ကုန် မတ် ၅
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့် အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့်အတူ မတ် ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန် ကြက်ခြေနီအသင်းရုံးချုပ်တွင် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စား လက်ခံရယူခဲ့သည်။
အဆိုပါဆုကို လက်ခံရရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းတွင် လူမှုကရုဏာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ လူသားဂုဏ်သိက္ခာ တန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှုနှင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ပေးအပ်သည့်ဆုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)