Skip to main content

အောင်မြင်မှုရရှိသော အားကစားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်

ပုသိမ်  မတ်  ၆

တိုင်းဒေသကြီး အစိုးရအနေဖြင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး အောင်မြင်မှုများရရှိသော အားကစားသမားများကိုလည်း ဂုဏ်ပြုပေးလျက်ရှိရာ အကြိမ် (၃၀) မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဝန်ကြီးချုပ် ဦးလှမိုးအောင်က ယခုလိုအောင်မြင်မှုများ ရရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားသမားများအနေဖြင့် ဆုများရရှိအောင် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အစိုးရမှလည်း အားပေး နေပါကြောင်း၊ ပုံမှန်ကြိုးစားပေးကြရန်နှင့် အစိုးရမှလည်း တတ်နိုင်သလောက် ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အကြိမ် (၃၀) မြောက် SEA Game ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ အားကစားသမားများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သော တိုင်းဒေသကြီး အသင်းတို့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး အားကစားသမားတစ်ဦးမှ ကျေးဇူတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)