Skip to main content

စိုက်ပျိုးစွမ်းအားထွန်းကားရေး မျိုးကောင်းမျိုးသန့်အသုံးပြုပေး

လူ၏ဉာဏ်ပညာစွမ်းပကားဖြင့် လောကလူသား အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်နိုင် ပါသည်။ လူ၏ အသိဉာဏ်ပညာဖြင့် လောကတွင် မဖြစ်နိုင်သောအရာ ဟူ၍မရှိနိုင်ပါ။ စက်မှု၊ သိပ္ပံ၊ နည်းပညာထွန်းကားလာ သောခေတ်တွင် မဖြစ်ဖြစ်အောင် လူတို့ကြံဆောင်နိုင်ကြပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပါသည်။ စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စွမ်းအားမြင့်မားအောင်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိပါသည်။

ယခုအခါ စိုက်ပျိုးရေးကိုအခြေခံ၍ ကုန်ထုတ်စွမ်းအားတိုးတက်အောင်၊ ပြည်ပ သွင်းကုန် လျှော့ချနိုင်အောင်၊ ပြည်တွင်းစားနပ်ရိက္ခာများ ပေါများလာအောင်၊ နိုင်ငံ့စီးပွားတိုး တက်အောင်၊ လူမှုစီးပွားဖွံ့ဖြိုးလာအောင် ဝိုင်းဝန်းကြံဆောင်လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်မှုများကို အစဉ်ကြားသိနေရပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်လိုပါက မျိုး၊ မြေ၊ ရေ၊ နည်းစသည့် လေးချက်ကို အလေးထားဆောင်ရွက်ရန်” အမြဲတိုက်တွန်းပြောကြားလျက်ရှိပါသည်။ ထို့ကြောင့် မျိုးကောင်း မျိုးသန့်များကိုအခြေခံပြီး အခြားလုပ်ငန်းရပ်သုံးခုဖြင့် ဖြည့်တင်းဆောင်ရွက်သွား ကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍတွင် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက် စေရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ၌ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့်များ ရယူစိုက်ပျိုးရေးကို အရေးအကြီးဆုံး လုပ်ငန်းစဉ်အဖြစ် ဦးစားပေးလျက်ရှိပါသည်။ စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ(ရာသီဥတု)၊ နည်း ဤလေးနည်းတွင် မျိုးသည် ပထမဦးစွာအရေးကြီးသည့် အချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသောပြည်သူအများစုမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသော်လည်း အကျိုးအမြတ်ဖြစ်ထွန်းမှုတွင် အားနည်းလျက်ရှိသဖြင့် အခက်ကြုံနေကြပါသည်။  ရှိပြီးသားမျိုး၊ အပင်တို့ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း မိမိတို့၏မြေ၊ ဖြစ်ပေါ်နေသောရာသီတို့နှင့် မကိုက်ညီသည့်အတွက် စိုက်ပါသော်လည်း ထင်သလောက်ခရီးမပေါက်ကြသည်ကို တွေ့ရမည်ဖြစ် သည်။ ထို့ကြောင့် မိမိတို့၏ရှိပြီးမြေ၊ ဖြစ်ပေါ်လာသည့် ရာသီဥတုနှင့်ကိုက်ညီမည့် မျိုးများရရှိနိုင်ရန် ဆောင်ရွက် ကြရမည်ဖြစ်သည်။ ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ပြပွဲ၂၀၂ (Seed Fair2022) ကို နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ခင်းကျင်းပြသ လျက်ရှိရာ စိုက်ပျိုး သူတောင်သူများ၊ ဝါသနာရှင်များ လာရောက်လေ့လာကြသဖြင့် စိုက်ပျိုးစီးပွား ဖြစ်ထွန်းရေးတွင် အကျိုးများကြမည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေများ နိုင်ငံအနှံ့များစွာတည်ရှိနေပြီး စိုက်ပျိုးရေ လည်းအလုံ အလောက်ရှိနေသည်။ စိုက်ပျိုးနည်းကို အတွေ့ အကြုံ အရ သိရှိနားလည်သော်လည်း ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီမည့် မျိုးများကို မှန်ကန်စွာအသုံးချနိုင်ရန်လိုအပ်သည်။ သီးနှံသစ်ပင် စိုက်ပျိုးကြရာ၌ သင့်လျော်ရာမျိုးများဖြင့် အောင်မြင်မှုအပြည့်အဝမရနိုင်ပါ။ ရေမြေနှင့်သင့် လျော်သည့် စစ်မှန်သောမျိုးကောင်းမျိုးသန့်ကို အသုံးပြုကြရပါသည်။ မျိုးကောင်းမျိုးသန့်များ အသုံးပြုခြင်းဖြင့် ရောဂါပိုးမွှား ဒဏ်ခံနိုင်မှု၊ ရေငတ်ဒဏ်ခံနိုင်မှု၊ ရေဝပ်ဒဏ်ခံနိုင်မှု၊ အပူချိန်အနိမ့် အမြင့်ဒဏ်ခံနိုင်မှု၊ အထွက်ပိုမိုရရှိစေသည့် အကျိုးများရနိုင်ပါသည်။ ယခုအခါ လယ်ယာ ထွက်ကုန် ပစ္စည်းများ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီပြည့်စုံစွာ ရရှိစေရန်အတွက် လိုအပ်သည့်ကိစ္စအဝဝတို့ကို အကျိုးရှိအောင် အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် ရေမြေရာသီဥတုအနေအထားအရ သီးနှံမျိုးများစွာအတွက် မျိုးစေ့ထုတ်လုပ်ရန် အခြေအနေကောင်းများစွာရှိသည်။ ထို့ကြောင့် မျိုးစေ့ထုတ်လုပ် တင်ပို့ရောင်းချသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပြင်ဆင်မှု၊ ဖြေလျှော့မှု၊ ပံ့ပိုးကူညီမှုများ ဖန်တီးပေးနိုင်မှသာ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အောင်မြင်စွာထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်လာမည်။ ထိုအခါ တောင်သူများနှင့် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများသာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်၍ ဤလုပ်ငန်းစဉ်အောင်မြင်ထမြောက်ရေး ကြိုးပမ်းကြံစည်လုပ်ဆောင်ကြပါက နိုင်ငံလည်း မလွဲမသွေ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

သို့ဖြစ်ရာ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးချက်တွင် မျိုးမှန်မျိုးကောင်းရရှိနိုင်ရေးသည် အရေးအကြီးဆုံးဖြစ်၍ မျိုးကောင်း မျိုးသန့်များ ရရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း အပ်ပါကြောင်း။ ။

(ကြေးမုံအယ်ဒီတာ့အာဘော်)