ယူကရိန်းနိုင်ငံအပေါ် ရုရှားကစစ်ရေးအရ ဝင်ရောက်တိုက်ခိုက်လာမှုက ဖြစ်နိုင်ခြေရှိသည့် အခြေအနေများ ဖြစ်ပေါ်နေခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တစ်ချိန်က ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံများဖြစ်သည့် ယူကရိန်းတွင် ရုရှားလူမျိုး ရှစ်သန်းကျော် ရှိနေပြီး ရုရှားနိုင်ငံထဲတွင်လည်း ယူကရိန်း နှစ်သန်းခန့်ရှိနေရာ ယူကရိန်းသည် ရုရှားနှင့်အကျိုးစီးပွား ဆက်စပ်နေသည့် မိသားစုနိုင်ငံတစ်ခုသဖွယ် ဖြစ်နေသည်။ သို့ရာတွင် တစ်ချိန်က စစ်အေး ကာလပြိုင်ဘက်အနောက်အုပ်စုနှင့် ယူကရိန်းက ပိုမိုနီးကပ်သွားခဲ့သည့်အပြင် စစ်စာချုပ် အဖွဲ့ဝင် နိုင်ငံဖြစ်သွားမည့်အရေးက ရုရှား၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို အနီးကပ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည့်အတွက် ရုရှားသမ္မတ ပူတင်က တောင်းဆိုမှုများ ပြုခဲ့သည်ကို သတင်းများ တွင် တွေ့ရသည်။
ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုရှားက ယူကရိန်းကို စစ်ဆင်ရေး စတင်လိုက်ခြင်းကြောင့် စစ်ပွဲများနှင့်နီးရာ မြို့နေပြည်သူ များ စစ်ရှောင်ထွက်ပြေးကြရသည်။ စစ်ပွဲဖြစ်လာသည့်အခါ သာမန်ပြည်သူများအဖို့အသက်အိုးအိမ် စည်းစိမ်ဥစ္စာတို့အတွက် တုန်လှုပ်ချောက်ချားကြရပြီး အသက်ဘေးမှ လွတ်ရာ လွတ်ကြောင်း ပြေးကြရသည်။ ရုရှားက အထူးစစ်ဆင်ရေးဟုဆိုသော စစ်ပွဲ၏အတိုင်းအတာသည် လက်ရှိအနောက်အုပ်စု လိုလားသည့် ယူကရိန်းအစိုးရ ပြုတ်ကျရေး လား၊ ယူကရိန်းတစ်နိုင်ငံလုံးကို စစ်အင်အားဖြင့် ထိန်းချုပ်ကာ လိုရာပုံသွင်းနိုင်ရေးလား၊ ရုရှား၏ အင်အားကို ပြသရုံ အကန့်အသတ်ဖြင့်လားဆိုသည်ကို မသိနိုင်သေး။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်စဉ်တွင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပြင်ပအုပ်စုတို့၏ ပယောဂဝင်ရောက်ခဲ့ခြင်းက အဓိကဖြစ်သည်။ နှစ်နိုင်ငံတင်းမာမှုများ ဖြစ်ပေါ်မှုတွင် တစ်ချိန်က စစ်အေးကာလ ပြိုင်ဘက် ဖြစ်ခဲ့ဖူးသည့်နိုင်ငံကို ဆန့်ကျင်ရန်အတွက် ယူကရိန်းကိုအသုံးချခဲ့ကြကာ အိမ်နီးချင်းနှစ်နိုင်ငံ၏ ပဋိပက္ခကို ပိုမိုမြင့်တက်လာစေရန် မီးပေါင်မြှင့်ခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့်ဆိုလျှင် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် ထိပ်တိုက်တွေ့ဆုံပြီး အကျိုးစီးပွားများ ဆန့်ကျင်ကာ ပဋိပက္ခများ အရှိန်မြင့်လာစေရန် ပြုလုပ်မှုများကို ရှောင်ရှားနိုင်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြရမည်ဖြစ်သော်လည်း အုပ်စုဖွဲ့ရန်လိုမှုများကို မျက်မှောက်ကမ္ဘာတွင် မကြာမကြာ တွေ့နေရသည်။
ဤတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ ခန့်က အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့တွင် အာရှ၊ အာဖရိက ၂၉ နိုင်ငံက အတည်ပြုခဲ့ကြသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို ပြန်လည်အမှတ်ရကြရန် လိုအပ်သည်။ (၁) နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက် နယ်ပယ်တည်တံ့ရေးနှင့် အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက လေးစားရန်၊ (၂) တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျူးကျော် တိုက်ခိုက်ခြင်းမပြုရန်၊ (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ (၄) တစ်နိုင်ငံနှင့် တစ်နိုင်ငံ အဆင့်အတန်းချင်း တူညီမှုရရှိရန်နှင့် နှစ်ဦးနှစ်ဝ အကျိုးဖြစ်ထွန်းရန်၊ (၅) နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ငြိမ်းချမ်းစွာအတူတကွ ပေါင်းသင်းဆက်ဆံ နိုင်စေရန်ဟူသည့် အချက်ငါးချက်ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို များစွာအထောက်အကူပြုခဲ့သော မူဖြစ်သည့်အတွက် နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင် ခေတ်အဆက်ဆက် ဆွဲကိုင်သွားကြရမည့် မူများပင် ဖြစ်သည်။
မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေကာမူ စစ်ပွဲများ ဖြစ်ပေါ်လာရခြင်းသည် ကြိုဆိုအပ်သော အရာမဟုတ်။ စစ်၏ အနိဋ္ဌာရုံများသည်လည်း မြင်အပ်၊ ကြားအပ်သည်များ မဟုတ်သည့် အလျောက် ငြိမ်းချမ်းသည့်နည်းလမ်း၊ ပဋိပက္ခ ရှောင်ရှားသည့် နည်းလမ်းများဖြင့်သာ အဖြေရှာနိုင်ကြစေလိုသည်။ ရန်ငြိုး ရန်စ၊ သံသယ၊ အာဃာတနှင့် အမုန်းတရားတို့ ဖယ်ရှားလွင့်ပြယ်၍ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းသာယာ ၀ပြောနိုင်ပါစေကြောင်း။ ။