တပ်မတော်သည် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီ ခရီးလမ်း တည့်မတ်မှန်ကန်စွာ လျှောက်လှမ်းနိုင် ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို ခေတ္တထိန်းသိမ်းဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့တာဝန်ကိုရယူခဲ့ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို အလေးထား၍ နေ့မနားညမနား ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံစေရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး လုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များ ကိုလည်း တစိုက်မတ်မတ် ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက် ရှိနေသည်ကိုမလိုလားသော နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များက ပြည်သူများအား သွေးခွဲပေးပြီး အဖျက်သမားများမွေးမြူကာ တိုင်းပြည်ကို ဖျက်ဆီးလျက်ရှိသည်။
အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များကြောင့် လမ်းတံတားများ ၅၂၅ ခု၊ ဆေးရုံဆေးခန်း ၂၇ ခု၊ စာသင်ကျောင်း/ပညာရေး အဆောက်အအုံ ၅၀၄ ခု ပျက်စီးပြီး ရဟန်းသံဃာအပါး ၂၀၊ နိုင်ငံ့ဝန်ထမ်း ၉၅ ဦးဆုံးရှုံး၍ နိုင်ငံ့ဝန်ထမ်း ၁၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဖျက်လုပ်ရပ်များကို နှိမ်နင်းခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှု ၉၄၃၇ မှု၊ သိမ်းဆည်းရမိလက်နက်မျိုးစုံ ၅၆၀၆ လက်၊ သိမ်းဆည်းရမိ ခဲယမ်းမျိုးစုံ ၁၆၁၅၅၆ ခု၊ သိမ်းဆည်းရမိ လက်ပစ်ဗုံး ၁၈၉၀၊ လက်လုပ်မိုင်း/လက်လုပ်ဗုံး ၁၁၄၂၄ ခု၊ ဖမ်းဆီးရမိသည့် အကြမ်းဖက်သမား ၄၃၃၈ ဦးတို့ကို ရှင်းလင်းထိန်းသိမ်းနိုင်ခဲ့ပါသည်။
အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ထားသည့် CRPH NUG PDF တို့သည် တိုင်းပြည်အာဏာ ကို အဓမ္မရယူရေးအတွက် “ငါနှင့်မတူ ငါ့ရန်သူ” သတ်မှတ်ပြီး အပြစ်မဲ့ပြည်သူများအား သတင်းပေးဒလန်စွပ်စွဲပြီး ရဟန်းသံဃာတော်များကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ကာ ပြည်သူများ အကြောက်တရားကြီးမားလာအောင် ဖန်တီးခြိမ်းခြောက်လျက်ရှိသည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် လုပ်ဆောင်နေသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့ တာဝန်ယူနေစဉ်ကာလအတွင်း အကြမ်းဖက်အဖျက်လုပ်ရပ်များကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းနေသော်လည်း တောက်လောင်နေ သောမီးမှာ ချက်ချင်းမငြိမ်းသကဲ့သို့ တငွေ့ငွေ့လောင်မြိုက်ပြီးမှ တစ်နေ့တွင် အပြီးချုပ်ငြိမ်းသွားမည်ဖြစ်သည်။
လက်ရှိတွင် အကြမ်းဖက်မှုများမှာ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိပြီး အချို့မြို့နယ်များတွင် အနည်းငယ်ဖြစ်ပေါ်နေ သေးသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကြည့်လျှင် အကြမ်းဖက်မှုများကို ထိရောက် စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း အထက်ဖော်ပြပါ ဖမ်းဆီးရမိမှု သက်သေအထောက်အထားများက ဖော်ပြနေသည်။ အကယ်၍သာ အကြမ်းဖက် တိုက်ခိုက်မှုကို ထိရောက်စွာ နှိမ်နင်းခြင်း မပြုနိုင်ပါက ဖော်ပြပါဖမ်းဆီးရမိသည့် အကြမ်းဖက်သမားများနှင့် လက်နက်ခဲယမ်း အမြောက် အမြားတို့ကြောင့် တိုင်းပြည်သည် ပျက်စီးသွားနိုင်သည်။ တပ်မတော်သည် အစဉ်အလာကောင်းများ ရှိပြီးဖြစ်ရာ မည်သည့်အဖျက်ရန်စွယ် အန္တရာယ်ဟူသမျှတို့ကို အမြစ်ပါမကျန် ချေမှုန်းနိုင်စွမ်း ရှိပေသည်။
လတ်တလောတွင် ဒေသအချို့၌ အကြမ်းဖက်တိုက်ခိုက်မှုများရှိနေရာ တိုင်းပြည်ကို ပျက်စီးစေ လိုသော မီဒီယာများနှင့်ပြည်တွင်းမှ အဖျက်သမားအားပေးသူများ၏ လှုံ့ဆော်မှုများကြောင့် အကြမ်းဖက်မှုများကို မနှိမ်နင်းနိုင်သယောင်၊ တိုင်းပြည်ပျက်စီးနေသယောင် မမှန်သတင်းများ ထုတ်လွှင့်ပေးနေမှုများရှိနေသည်။ အစွန်းရောက်အကြမ်းဖက်သမားပုံစံဖြင့် မီးရှို့ဖျက်ဆီး၊ မိုင်းထောင်၊ ရက်စက်စွာ သတ်ဖြတ်မှုများသည် အကြမ်းဖက်ဝါဒ စစ်စစ်ဖြစ်သည့်အတွက် ထိုသို့လုပ်ဆောင်မှုမှန်သမျှကို မည်သည့်နိုင်ငံ၊ မည်သည့်အစိုးရကမျှ လက်ခံခွင့်လွှတ်မည် မဟုတ်ဘဲ အမြစ်ပါမကျန် ချေမှုန်းမည်သာဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်သာယာဝပြောမှု၊ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖျက်ဆီးနေ သော အကြမ်းဖက်သမားများကို နိုင်ငံတော် အစိုးရက စဉ်ဆက်မပြတ် နှိမ်နင်းလျက်ရှိရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးချုပ်ငြိမ်းသွားမည်ဟု ယုံကြည်ပါကြောင်း။ ။