Skip to main content

ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး တက်ညီလက်ညီကြိုးပမ်း

ယနေ့ကမ္ဘာကြီးတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးဂယက်ရိုက်ခတ်မှုများ လည်းရှိလာမည်ဖြစ်၍ နိုင်ငံများအနေဖြင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ပေသည်။ လက်ရှိတွင် ရုရှား-ယူကရိန်း စစ်ပွဲဂယက် ရိုက်ခတ်မှုကြောင့် အာရှစတော့ ဈေးကွက်ထိုးကျကာ ရေနံဈေးမြင့်တက်လာသည်။ ရုရှား၏ ရေနံတင်ပို့မှုအခြေအနေ ပြတ်တောက်နိုင်သောကြောင့် ရေနံစိမ်းတစ်စည်လျှင် သုံးဒေါ်လာနီးပါး ခုန်တက်သွားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီဈေးနှုန်း ရိုက်ခတ်မှုရှိပြီး ယခုရက်ပိုင်းတွင် ဈေးနှုန်းများတက်လာသည်။ အခြားကုန် ပစ္စည်းဈေးနှုန်းများလည်း ယခင်ထက် ဈေးနှုန်းတက်လာသောကြောင့် ပြည်တွင်းစီးပွားတိုးတက်ရေးနှင့် ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကိုအလေးထား၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာတို့တွင် လုပ်သင့်လုပ်ထိုက်သည်တို့ကို မနားမနေ၊ အဆက်မ ပြတ်ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

အထူးသဖြင့် အမျိုးသားနိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကိစ္စ များကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်များကို ယခုနှစ်မှစတင်၍ ပြည်သူများ နှင့်အတူ လက်တွဲပြီး အား သွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ၌ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အထူးအရေးကြီးသဖြင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သောလုံခြုံရေး လုပ်ငန်းများကို အချိန်ပြည့်ဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတစ်ဝန်းလုံးဖွံ့ဖြိုးတိုးတက်လာရန်အတွက် ငြိမ်းချမ်းရေး သည် အရေးကြီးသဖြင့် အကြမ်းဖက်အဖွဲ့များမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များပါ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ဆွေးနွေးကြရန် ဖိတ်ခေါ် ထားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် မငြိမ်းချမ်းမှုများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုမှာ အခြားနိုင်ငံများနောက် ရောက်နေသည်ကို ကျော်ဖြတ်နိုင်အောင် ညီညွတ်ကြဖို့လိုပါသည်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာခိုင်မာမှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးတွင် ရှိသင့်သလောက်မရှိဘဲ ခွန်အားများ၊ စွမ်းအားများ ဆုံးရှုံးလျက်ရှိနေသည်ကို သတိပြုဖို့လိုပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ ၎င်းခွန် အား၊ စွမ်းအားများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အပြည့်အဝအသုံးချနိုင်ရန်အတွက် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်း ရေးကို မဖြစ်မနေရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များ ပြည့်စုံမည်ဖြစ်သည်။

လက်နက်ကိုင်ဖြေရှင်းခြင်း၏ ဆိုးကျိုးများကို ယနေ့မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီဖြစ်သည်။ ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ နောက်ဆက်တွဲရလဒ်များကို အများပြည်သူတို့ ခံစားကြရပေသည်။ တိုင်းပြည်သာယာဝပြောပြီး ပြည်သူများ အေးချမ်းလုံခြုံစွာဖြင့် စိတ်ချမ်းသာစွာနေထိုင်လုပ်ကိုင် စားသောက်ကြရန်အတွက် အချင်းချင်းစိတ်ဝမ်းမကွဲပြားဘဲ လက်တွဲလုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ် သည်။ ယနေ့အချိန်အခါတွင် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေများအရ တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲပြားဘဲ ညီညီညွတ်ညွတ်လုပ်ကိုင်ဆောင်ရွက်ရမည့်အချိန် အခါဖြစ်သည်။ ဘေးပြောတာကို မယုံ၊ သွေးပြောတာကိုယုံကြည်ပြီး လက်တွဲပူးပေါင်း လုပ်ကိုင်ဆောင်ရွက်ကြမှသာ ကြုံတွေ့ လာရမည့်စိန်ခေါ်မှု မှန်သမျှကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ တိုင်းသူပြည်သားများဘဝများလည်း သာယာချမ်းမြေ့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည်ရေခံမြေခံကောင်းသည့်နိုင်ငံဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် များသည့်နိုင်ငံဖြစ်ရာ အဓိကမှာ ညီညီ ညွတ်ညွတ်ဖြင့် အလုပ်လုပ်ကြရန်အရေးကြီးသည်။ တိုင်းပြည်၏အနာဂတ်၊ ပြည်သူလူထု၏ အနာဂတ်တိုးတက်ကောင်း မွန်ရေးအတွက် မြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေတို့ကို မှန်ကန်စွာရှုမြင်ပြီး လုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ လက်ရှိတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်ရာ၌ အာဃာတများ၊ အမုန်းတရားများ မရှိစေရေး အတွက် နိုင်ငံတော်အစိုးရက နားလည်မှုရှိစွာ၊ သက်ညှာစွာ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းပြည်သာယာဝပြောရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံ၍ အဆင်ပြေစွာ စားသောက် နေထိုင်လုပ်ကိုင် နိုင်ရေး၊ ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကို တက်ညီလက်ညီ ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်