Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးခေါင်းဆောင်များအား ပံ့ပိုးကူညီခြင်း၊ အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများ တိုက်ဖျက်ခြင်းနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး ခေါင်းဆောင်များအား ပံ့ပိုးကူညီခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့ နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများ တိုက်ဖျက် ခြင်းတို့နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က “ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် လူသားအားလုံး တန်းတူညီမျှဖြစ်သည်” ဆိုသည့် အခြေခံ မူကို အလေးထားပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည် လူသား အားလုံး ကျား/မ တန်းတူညီမျှ ပါဝင်ခွင့်ရှိသော အခွင့်အရေး တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မကြာမီကာလတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များက ပြည်သူလူထုဆန္ဒနှင့်အညီ ပါဝင်အရွေးချယ်ခံကြ ရမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေတွင် အမျိုးသမီးဦးရေက အမျိုးသား ဦးရေထက် ပိုများနေသော်လည်း ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် လွှတ်တော်အသီးသီး၌ အမျိုးသမီး များ ပါဝင်မှုအနေဖြင့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်မှု ၄ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်မှု ၁၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် နိုင်ငံရေးတွင် အမျိုးသားများနှင့် တန်းတူညီမျှပါဝင်မှု ပမာဏနည်းနေသေးသည်ကို တွေ့ရှိရပါကြောင်း။

ရွေးကောက်ပွဲများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အမုန်းစကားများ ပြောဆိုခြင်းများသည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည့် ရွေးကောက်ပွဲ များ၏ စံချိန်စံညွှန်းကို ပျက်ယွင်းစေပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပိုမိုပါဝင်လာစေရေး၊ အမုန်းစကားဖြင့် တိုက်ခိုက်ခြင်းများကို တားဆီးပြီး တန်းတူညီမျှမှုရှိစေရေး စသည့် ဒီမိုကရေစီ စံချိန်စံညွှန်း နှင့်ညီသည့် ရွေးကောက်ပွဲများဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မျှော်မှန်းပြီး ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ မူဝါဒ(၂၀၁၉-၂၀၂၂) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံ တွေ့နိုင်သည့် အမုန်းစကားများ၊ သတင်းအမှားများကို မည်ကဲ့သို့ ကာကွယ်မည်၊ မည်သည့်နည်းဗျူဟာများဖြင့် တားဆီးတိုက်ဖျက်မည် စသည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်