Skip to main content

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူး  မတ် ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက "ပဲခူးတိုင်းဒေသကြီးတွင် နှစ်စဉ်မီးဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းတိုက်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ယခင်က သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမည့် သတ္တုတူးဖော်မှုများ၊ သစ်ခုတ် ထုတ်လုပ်မှုများစသည်တို့ကို အလွန်အမင်း ဆောင်ရွက်ခဲ့သဖြင့် ယနေ့သဘာဝဘေး၏ အန္တရာယ်ကို ကြုံတွေ့ခံစားနေကြကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်အရ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးစသည့် လုပ်ငန်းစဉ်များတွင် ကုန်ကျခဲ့သည့် ပြည်သူ့ဘဏ္ဍာများမှာ နှစ်စဉ်အလွန်များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရလက်ထက်တွင် ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍လည်း ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အထူးမှာကြားလိုတာကတော့ ပူပြင်းရာသီတွင် မီးလောင်ခြင်းအပြင်၊ ဝါယာရှော့ဖြစ်ခြင်းပါ ထပ်မံဖြစ်ပွားနိုင်သဖြင့် ပြည်သူတစ်ဦးချင်း မိမိတို့ အိမ်၊ ဆိုင်၊ ရုံးခန်းတို့တွင် အသုံးပြုမည့် လျှပ်စစ်ပစ္စည်းများ အရည်အသွေးပြည့်မီစေရန်နှင့် လျှပ်စစ်အန္တရာယ် အသိပညာ ဗဟုသုတများလည်း သက်ဆိုင်ရာဌာနများက လက်ကမ်းစာစောင်များဖြန့်ဝေပေးစေလိုကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘတ်ဂျက်လျာထားမှုနှင့် လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသိန်းဌေးအောင်က သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ ပေးနိုင်ခဲ့မှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ ပဲခူးမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ဝှမ်း ရေဘေးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အသေးစိတ်အား လည်းကောင်း အသီးသီးရှင်း လင်းတင်ပြခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ပြည်သူလူထုတွေ့ဆုံပွဲများတွင် သဘာဝဘေးအန္တရာယ်နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ တွက်ချက်တင်ပြလာမှုအပေါ် စိစစ်ခြင်းနှင့် လုပ်ငန်းတစ်ခုခြင်းအလိုက် ဆောင်ရွက်ရမည့် အစီအမံများအား အတည်ပြုပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီအထိ မီးဘေး(၄၂)ကြိမ်၊ လေဘေး(၂၇)ကြိမ်၊ ကမ်းပြို(၂)ကြိမ်၊ မိုးကြိုးဘေး(၈)ကြိမ်၊ စုစုပေါင်း(၇၉) ကြိမ် ဖြစ်ပွားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ငွေကျပ်သိန်း(၄၉၀၀) ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကရင်တိုင်းရင်းလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)