Skip to main content

ပြည်တွင်းစားသုံးဆီအတွက် ပြည်တွင်းမှာပင် စိုက်ပျိုးထုတ်လုပ်

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ် တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့မှာ မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။ သို့ရာတွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာခြင်းနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆီက ဈေးနှုန်းမြင့်လာခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီကို ပိုမိုစားသုံးလာခဲ့ကြရာမှ ပြည်တွင်းဆီဈေးကွက်တွင် စားအုန်းဆီက အဓိကနေရာကို သိမ်းပိုက်လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ဆီကို ပြည်တွင်းစားသုံးမှု၊ စက်မှုလုပ်ငန်းသုံးနှင့် ဟိုတယ်ခရီးသွားလုပ်ငန်းသုံး အားလုံးပေါင်း နှစ်စဉ် ဆီတန်ချိန် ၁၁ သိန်းခန့် စားသုံးသည့်အနက် တန်ချိန် ၉ သိန်းကျော်ကို ပြည်ပမှ တင်သွင်းရသည်ဟုဆိုသည်။ ပြည်တွင်း၌ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပိစပ်၊ ပဲပုပ်၊ ဆီအုန်းတို့ စိုက်ပျိုးထွက်ရှိသော်လည်း ပြည်တွင်းလိုအပ်ချက်နှင့် အဆများစွာ ကွာခြားနေခြင်းအတွက် အဖြေရှာရန်လိုအပ်ပြီး ရေရှည်တွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်ရေးအထိ ရည်မှန်းဆောင်ရွက်သွားရန် လိုအပ်သည်။ လက်ရှိအခြေအနေတွင် ဆီထွက်သီးနှံစိုက်ဧက တိုးချဲ့ရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို အကန့်အသတ်ဖြင့် တင်သွင်းရေးတို့ကို ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခုတို့က ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ ပြည်ပမှ တင်သွင်းနေသည့် စားအုန်းဆီဈေးနှုန်း မကြုံစဖူး မြင့်မားလာခြင်းက ပြည်ပဆီတင်သွင်းမှု ကန့်သတ်ရန်နှင့် စားအုန်းဆီစားသုံးမှု လျှော့ချရန် တွန်းအားပေးနေသည့် အကြောင်းတစ်ရပ်လည်း ဖြစ်နေသည်။

မြန်မာတို့ ဆီစားသုံးမှုများပြားခြင်းမှာ လွတ်လပ်ရေး မရမီကတည်းကဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များက ပြည်တွင်းဆီစားသုံးမှု ပြည်ပမှတင်သွင်းမှု လျှော့ချရေး ကြိုးပမ်းခဲ့မှုများ မျက်မှောက်ခေတ်အထိ အောင်မြင်မှုမရသေး။ အဓိကအချက်မှာ ဟင်းလျာချက်ပြုတ် စားသုံးမှုပုံစံများ မပြောင်းနိုင်ခြင်းကြောင့်ဖြစ်ပြီး ဆီကို မစားရမနေနိုင်၊ ဆီနည်းနည်းနှင့် မချက်ပြုတ်တတ်ခြင်းတို့ကြောင့်လည်း ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးရန်မသင့်သည့် ဆီအညံ့၊ ဆီအတုများကိုပါ စားနေကြရသည့် အခြေအနေသို့ ရောက်ရှိနေကြခြင်းဖြစ်သည်။ “ကျွန်တော်တို့ ဗမာတွေက ဆီမရှိ မစားနိုင်ဘူးလို့ပြောတယ်။ ဆီမရှိ မစားနိုင်တာကတော့ မှန်ပါတယ်။ သို့သော် ဒီဆီတွေဟာ ဘာအတွက် သုံးနေကြသလဲ။ ဗုံးပေါလအော သုံးသလား၊ မသုံးဘူးလား။ ဈေးတွေသွားကြည့်စမ်း။ အိမ်တွေသွားကြည့်ပါ။ ဗုံးပေါလအော သုံးသလား၊ မသုံးဘူးလား။ တခြားတိုင်းပြည်တွေ သွားကြည့်ပါ။ ဆီကိုဒီလို ဗုံးပေါလအော သုံးနိုင်သလား၊ မသုံးနိုင်ဘူးလား။ ခင်ဗျားတို့ ဆီတွေကို ဗုံးပေါလအော သုံးနေတာ။ ခင်ဗျားတို့ စိတ်ထဲမှာ ဘာမှအရေးမကြီးဘူးလို့ ထင်တယ်။ အဲဒီလို ဗုံးပေါလအော သုံးတဲ့အတွက် ... နှစ်စဉ်နှစ်စဉ် ဆီတွေအမြောက်အမြား သွင်းပြီးနေရတယ်။ အဲဒါကြောင့် ခင်ဗျားတို့ ဈေးကြီးတယ်။ ကြီးတယ်ဆိုတာ အကြောင်းပြချက်မှာ ခင်ဗျားတို့ ဗုံးပေါလအော သုံးနေလို့၊ ဒီဆီတွေကို တခြားနိုင်ငံက သွင်းနေရတဲ့အတွက်၊ အပိုသွင်းနေရတဲ့အတွက် ဈေးကြီးတဲ့နေရာမှာ အကြောင်းတစ်ရပ်ဖြစ်ပါတယ်” ဟူသော အမှာစကားများ ပါဝင်သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်းသည်ပင် သက်တမ်း (၇၅)နှစ်ပြည့်မြောက် စိန်ရတုသို့ ရောက်ခဲ့ပြီ။

ပြည်တွင်းဆီထုတ်လုပ်မှု ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ခြင်းနှင့် ဆီသုံးစွဲမှု လျှော့ချ၍ ပြည်ပတင်သွင်းမှု ကန့်သတ်ခြင်းတို့ အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံနှင့်ပြည်သူတို့အတွက် အကျိုးကျေးဇူးကြီးကြီးမားမား ရရှိနိုင်သည်။ ပြည်ပသို့ ထွက်သွားရမည့်ငွေများ ပြည်တွင်းစားသုံးဆီ စိုက်ပျိုးမှု၊ ဆီကြိတ်ခွဲမှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု အစရှိသည့် ဆီဈေးကွက်အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ဆီသို့ ရောက်ရှိလာမည်ဖြစ်သည်။ ထို့အပြင် ဆက်စပ်လျက်ရှိသော မွေးမြူရေးအစားအစာ ထုတ်လုပ်မှုနှင့် သားငါးမွေးမြူ ထုတ်လုပ်မှုလုပ်ငန်းများအထိ အကျိုးဖြစ်ထွန်းစေသည့်အလျောက် ဆီထွက်သီးနှံ ပိုမိုထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ကြရပါမည့်အကြောင်း။ ။