ရန်ကုန် မတ် ၇
မြန်မာနိုင်ငံ စားသုံးသူများအသင်း (CAM) မှကြီးမှူးပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ညီအစ်ကိုများအသင်းတော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ စားသုံးသူများအသင်း သဘာပတိ ဒေါက်တာရီလွင်ကျော်ဇော က စားသုံးသူ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ အသင်းအတွင်းရေးမှူး ဦးစိုင်းခွန်ချိုကအသင်း၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိမ်းက စားသုံးသူ ကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကုန်အညွှန်း အမှတ်အသားဆိုင်ရာများ၊ မြန်မာနိုင်ငံ စားသုံးသူများအသင်း သုတေသနကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းထိုက်က စားသောက်ကုန် မုန့်လုပ်ငန်း နည်းမှန် လမ်းမှန်ဖြင့် ထုတ်လုပ်တာရှည်ခံရန် အခြေခံအချက်များနှင့် အသင်းတွဲဖက် သဘာပတိ ဦးမောင်မောင်လှက စားသုံးသူနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို အသိပညာပေး ဟောပြောကြသည်။
စားသုံးသူရေးရာနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲတွင် စားသုံးဆီနှင့် ပတ်သက်ပြီး စားသုံးရန်သင့်မသင့် လက်တွေ့စမ်းသပ် ပြသထားသည့် ဆီများ၊ အစားအသောက်များတွင် အန္တရာယ်ရှိစေသော ဆိုးဆေးများ သုံးမသုံး စမ်းသပ်ပြသထားသည့် စားသောက်ကုန်များ၊ လိုအပ်သည်ထက် ပိုမိုသကြားပါဝင်နေသည့် အချိုရည်များ၊ ယမ်းစိမ်းအသုံးပြုထားသည့် ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် အသားခြောက်များကို အများပြည်သူ လေ့လာနိုင်ရန် ခင်းကျင်း ပြသထားသည်။
မင်းသစ် (MNA)