Skip to main content

ဒုတိယဝန်ကြီး ဦးစိုးအောင် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနရှိ မူလတန်းကြို ကျောင်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၇

ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်း ကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မိမိတို့ဝန်ကြီးဌာနသည် တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေသော ဌာနတစ်ခုဖြစ်သည့်အညီ ကလေးငယ် များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိ အောင် ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန် ဆောင်မိခင်နှင့် မွေးဖွားလာသောကလေး ၂ နှစ်သားအထိ ငွေကြေးထောက်ပံ့ ပေးသည့်(MCCT) အစီ အစဉ်များကို ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ငွေကြေးထောက်ပံ့ ပေးသည့် အစီအစဉ်သည် အာဟာရပြည့်ဝစွာရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် မိသားစုစီမံကိန်း များအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မူလတန်းကြို ကျောင်းများတွင် အာဟာရကျွေးမွေးမှု အတွက် နိုင်ငံတော်က တိုးမြှင့်ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ဖြည့်စွက်စာ/အာဟာရများ ကျွေးမွေးမှုကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မူကြိုကျောင်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို လေ့လာ ဆည်းပူးနေရန်လိုအပ်ပြီး လက်ရှိသင်ရိုးညွှန်းတမ်းများနှင့် ရပ်တန့်မနေဘဲ ခေတ်နှင့်အညီ ပြုပြင်ရေး သုတေသနပြု ကြိုးစားရန်လိုအပ်ကြောင်း၊ မူလတန်းကြိုကျောင်းများနှင့် ပတ်သက်၍ ပြည်သူများက စိတ်ဝင်တစားရှိကြသည့်အတွက် စနစ်တကျ စီမံခန့်ခွဲစေလို ပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာမများ လုံလောက်မှုမရှိသည့်အတွက် လတ်တလော ဖြေရှင်းခြင်းအဖြစ် နေ့စားလပေး/ လုပ်အားပေးအဖြစ် ခန့်အပ်နိုင်ရေးကို လုပ်ထုံးနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မူလတန်းကြိုကျောင်းမှ ဆရာမများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန့်ကြားချက် များကို သိရှိလိုက်နာနိုင်စေရေး လေ့လာရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်း ဥပဒေ၊ အမိန့်ညွှန်ကြားချက်များကိုလည်း ခေတ်နှင့်အညီ လျော်ညီအောင် ပြင်ဆင်သတ်မှတ် လျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းရုံးများနှင့် ရုံးချုပ်သို့တင်ပြရမည် ဖြစ် ကြောင်း၊ မိဘများက ဆရာမများထံသို့ ကလေးသူငယ်များကို တစ်နေကုန်အပ်နှံထားရသည့် အတွက် ဆရာမများအနေဖြင့် သေသေချာချာ ပြုစုစောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်း။

ကလေးငယ်များကို သင်ကြားရာတွင်  ကောင်းမွန်သော အတုယူနိုင်စေရေးအတွက် သင်ကြားပြသ ပေးရမည်ဖြစ်သကဲ့သို့ အချင်းချင်းချစ်ခင်လေးစားမှုရှိစေရေးနှင့် ယဉ်ကျေး သည့် စကားအသုံးအနှုန်းများဖြင့် ပြောဆိုဆက်ဆံတတ်စေရေး သင်ကြားပေးရန် လိုအပ် ကြောင်း၊ ဆရာမများသည် ကလေးများ၏ စံနမူနာပြဖြစ်သည် နှင့်အညီ မိမိတို့၏ ဝတ်စားဆင်ယင်မှု၊ ပြောဆိုမှုအပြုအမူများကို ကလေးများ အတုယူမမှားစေရေး ဂုဏ်သိက္ခာ နှင့်အညီ နေထိုင်ရန် အရေးကြီးကြောင်း၊ မူလတန်းကြိုကျောင်းများတွင် အလွဲသုံးမှုမခံ ရအောင် ဂရုတစိုက် စောင့် ကြပ်ကြည့်ရှုပေးရန် အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ရူပါမြက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး မူလ တန်းကြိုကျောင်းများမှ ဆရာမများက လုပ်ငန်းဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့် အခက် အခဲများကို တင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)