Skip to main content

ကျန်းမာရေးကို ထောက်ကူ နေကြာစိုက်ပျိုးစီးပွားတိုး

ယနေ့ကာလတွင် ဆီထွက်သီးနှံစိုက်ပျိုးဖြစ်ထွန်းရေးကို တွန်းအားပေး ဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်း နေ့စဉ်စားသောက်မှုတွင် အစားအစာများ၌ ဆီကိုမဖြစ်မနေ သုံးစွဲကြပါသည်။ ပညာရှင်များ၏ တွက်ချက်မှုအရ လူတစ်ဦး တစ်ရက်ဆီလိုအပ်ချက်မှာ ၁ ဒသမ ၅၈ ကျပ်သားဖြစ်ပြီး တစ်နှစ်လျှင် ဆီခြောက်ပိဿာခန့် စားသုံးသင့်ကြောင်း အသိပေးထားသော်လည်း လူတစ်ဦးချင်းစီ နေ့စဉ်ဆီစားသုံးမှုမှာ ၎င်းပမာဏထက်များစွာ ကျော်လွန်နေသည်ကို လေ့လာ တွေ့ရှိရပါသည်။

ဆီစားသုံးမှု ပိုကဲလာသောအခါတွင် ပြည်သူပြည်သားများအကြား ကျန်းမာ ရေးထိခိုက်မှုများရှိလာပြီး နိုင်ငံတော်တွင်လည်း နိုင်ငံ့စီးပွားယိုဖိတ်မှုများရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီစားသုံးမှုမြင့်မားလာသောကြောင့် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဆီအမျိုးမျိုးဖြင့် မလုံလောက်၍ ပြည်ပမှ စားသုံးဆီတန်ချိန်ပေါင်းများစွာ နှစ်စဉ်တင်သွင်းနေရသည်။ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့မှ စားအုန်းဆီအများဆုံး တင်သွင်းလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်ကာလက စားအုန်းဆီ အမေရိကန်ဒေါ်လာသန်း ၈၀၀ကျော်ဖိုး တင်သွင်းခဲ့ရသည်ဟု သိရသည်။

စားသုံးသူများအနေဖြင့် ဆီကို မိမိတို့နှစ်သက်သလို စားသုံးလျက်ရှိရာ ပြည်ပသို့ထွက်ငွေ ဤမျှအမြောက်အမြားရှိနေသည်ကို သတိပြုမိရန်လိုအပ်ပါသည်။ စားသုံးဆီကို ပြည်ပမှတင်သွင်းနေ ရသဖြင့် နိုင်ငံခြားငွေကြေး တန်ဖိုးတက်သမျှ ဈေးနှုန်းမြင့်မားလာပြီး ထွက်ငွေများပြား နိုင်ငံ့စီးပွားရေးဘက်တွင်ပါ ရိုက်ခတ်မှုများ ရှိလာသည်ကို တွေ့ရသည်။ ထို့ကြောင့် အမျိုးသား အကျိုးစီးပွားအတွက် လည်းကောင်း၊ လူတစ်ဦးချင်း စီးပွားအတွက်လည်းကောင်း ဆီစားသုံးမှုကို ချင့်ချိန် အသုံးပြုကြရန် လိုအပ်နေပြီဖြစ်ပါသည်။ ။

အထူးသဖြင့် ဆီကြောင့် လူတစ်ဦးချင်း ကျန်းမာရေးဘက်တွင် ထိခိုက်မှုများ ရှိနေသည်ကို သိရှိထားကြရန် လိုအပ်ပေသည်။ မသန့်ရှင်းသောဆီ၊ ကျန်းမာရေးနှင့် မညီညွတ်သောဆီ၊ အရည်အသွေး မမီသောဆီတို့ကို စားသုံးမှုကြောင့်လည်းကောင်း၊ ဆီကို လိုသည်ထက်ပို၍ အလွန်အကျွံ စားသုံးခြင်းကြောင့်လည်းကောင်း လူတို့တွင် အဝလွန်ရောဂါနှင့် ရောဂါအမျိုးမျိုးရနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဆီကို အလွန်အကျွံစားသုံးခြင်းကြောင့် သွေးအတွင်း ကိုလက်စထရောများ မြင့်တက်လာပြီး နှလုံးနှင့် အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စသည့် ကုသရန် ခက်ခဲသောဝေဒနာများ ဖြစ်ပေါ်လာနိုင်ပါသည်။

ဆီကိုလိုသည်ထက် ပိုမိုစားသုံးခြင်းကြောင့် လူတစ်ဦးချင်း ကျန်းမာရေးထိခိုက်မှုများအပြင် ယခုအချိန် ဈေးနှုန်းများမြင့်မားလာသောကြောင့် တစ်အိမ်ထောင်ချင်း ကုန်ကျစရိတ်များလာသည်။ နိုင်ငံသူ နိုင်ငံသားတိုင်း ဆီကို နေ့စဉ်စားသုံးကြသဖြင့် ပြည်တွင်းထုတ်လုပ်သည့် ဆီအမျိုးမျိုးဖြင့် မလုံလောက်၍ ပြည်ပမှ စားသုံးဆီ အမြောက်အမြားကို တင်သွင်းနေကြရာ နိုင်ငံခြားငွေကုန်ကျမှုများ မြင့်မားနေသည်။ ထို့ကြောင့် ဆီစားသုံးခြင်းကြောင့် နောက်ဆက်တွဲ ထိခိုက်နစ်နာမှုများရှိနေသည်ကို ပြုပြင်စီမံ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ဆီစားသုံးမှုကို ဆင်ခြင်သတိပြုကြရန် မေတ္တာရပ်ခံပါသည်။ ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့်လည်း ဆီထွက်သီးနှံများကို တိုးတက်စိုက်ပျိုးကြရန် လိုအပ်ပါသည်။

ပြည်သူများ နေ့စဉ်အသုံးပြုနေသော ဆီအမျိုးမျိုးတွင် စားကောင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဆီမှာ ဈေးနှုန်းမြင့်သဖြင့် အများပြည်သူတို့ ဝယ်ယူ စားသုံးရန် နောက်တွန့်ကြပြီး ဈေးအနည်းဆုံး ဖြစ်သော ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီကို အဓိကဝယ်ယူစားသုံးကြသည်။ ဆီအသုံးပြုမှု လိုအပ်ချက်အများစုကြောင့် စားအုန်းဆီကို ပြည်ပမှ အမြောက်အမြား တင်သွင်းနေရမှုအား လျှော့ချနိုင် အောင် ကြိုးပမ်းကြရမည်ဖြစ်သည်။ ထိုသို့ အခက်အခဲများ၊ ထိခိုက်နစ်နာမှုများကို ကျော်လွှားနိုင်ရန် အတွက် အသင့်လျော်ဆုံး ဆီအမျိုးအစားမှာ နေကြာဆီဖြစ်သည်ကို သိနားလည်သူတို့က အသိပေးလာကြသည်။

နေကြာဆီသည် ဈေးနှုန်းအသင့်တော်ဆုံးဖြစ်သလို ကျန်းမာရေးနှင့်လည်း ညီညွတ်သောကြောင့် စားအုန်းဆီအစား နေကြာဆီကို ရွေးချယ်အသုံးပြုကြရန် သင့်လျော်ပါသည်။ ဆီထွက်သီးနှံ နေကြာပင်ကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပြီး အခြားဆီထွက်သီးနှံများထက် အရင်းအနှီး ကုန်ကျစရိတ် သက်သာခြင်း၊ စိုက်ပျိုး ထုတ်လုပ်မှု လွယ်ကူခြင်း၊ သီးထပ်သီးနှံကြားသီးနှံများအဖြစ် စိုက်ပျိုးနိုင်ခြင်း၊ စပါးပြီးစိုက်ပျိုးနိုင်သော အားသာချက်များရှိသည့်အပြင် စိုက်ပျိုးပြီး ရက်ပေါင်း ၈၀ ကျော်လျှင် ရိတ်သိမ်းဆွတ်ခူး ဈေးကွက်သို့ပို့နိုင်သောကြောင့် တောင်သူများ အတွက် အကျိုးများသော သီးနှံဖြစ်သည်။

သို့ဖြစ်ရာ ဆီအတွက်ရတက်မအေးရသည့် ယခုအချိန်အခါတွင် စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့်လည်း ညီညွတ် ဈေးနှုန်းလည်းသက်သာသည့် နေကြာဆီကို အသုံးပြုကြရန်နှင့် အထွက်ကောင်းဝင်ငွေတိုးသည့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။