Skip to main content

ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာ လမ်းပေါ်ရှိ တံတားတည်ဆောက်ပြီးစီးမှုအား ကရင်ပြည်နယ် ဝန်ကြီးချုပ်သွားရောက်ကြည့်ရှုစစ်ဆေး

ဘားအံ မတ် ၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများ ရောင်းဝယ်ဖောက်ကားမှု လျင်မြန်လွယ်ကူစေရေးအတွက် အကျိုးရှိစေမည့်  ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာလမ်းပေါ်ရှိ ဖအွံချောင်းအား ဖြတ်ကျော်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် တံတားပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာ လမ်းပေါ်ရှိ ဖအွံချောင်းအားဖြတ်ကျော်တည်ဆောက်ထားသည့် တံတားသည် အရှည်ပေ(၃၆၀)ပေ၊ အကျယ်(၇.၃၄)မီတာရှိ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ကာ ဘားအံ-မော်လမြိုင် အဖြောင့်လမ်းမကြီးသို့ အနီးဆုံးဆက်သွယ်သွားလာနိုင်ပြီး ဒေသထွက်ကုန်များ ရောင်းဝယ် ဖောက်ကားမှု ပိုမိုကောင်းမွန် လာစေမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်သည် အဆိုပါတံတားပြီးစီးမှုနှင့် ကျန်ရှိသေးသည့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်နေသည့် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအာ ရှင်းလင်းတင်ပြခဲ့ကြသည်။

နေမျိုးလွင်(ပြန်/ဆက်)