Skip to main content

(၂၂)ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မြစ်ကြီးနား မတ် ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးကောလိပ်၏ (၂၂) ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် (၈)နာရီခွဲတွင် ပညာရေးကောလိပ်၊ အာကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒီပလိုမာအောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဆရာများ၏ အလုပ်သည် စာသင်ရုံ သက်သက်မဟုတ်ဘဲ ဆရာများသည် မိခင်ပေါင်းများစွာ၏ သားသမီးများကို လိမ္မာရေးခြား ရှိအောင် ပြုပြင်ထိန်းကျောင်းသွန်သင်ရကြောင်း၊ ကောင်းသောအမှုကို ကျင့်ကြံတတ်ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်တတ်ရန် စသည့် စာရိတ္တပိုင်းဆိုင်ရာ စိတ်ဓာတ်ကို ပြုပြင် ပေးရကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ အနာဂတ်လူ့အဖွဲ့အစည်းအတွက် ပြည့်စုံချမ်းသာမှုတို့သည် ယနေ့ ဆရာများ၏ လက်ဝယ်တွင်ရှိနေကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝသော ဆရာများအဖြစ် သာမက တိုင်းပြည်နှင့်လူမျိုး၏ အားကိုးအားထိုက်သည့် စံနမူနာ ကောင်းပိုင်ရှင်များ အဖြစ်အစဉ်ကြိုးပမ်း ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ စင်မြင့်ပေါ်တွင် နေရာယူကြပြီး ကျောင်းအုပ် ဒေါ်ဥမ္မာမြင့်က ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး B.Ed တက် ရောက်ခွင့်ရှိသူ (၃၁)ဦးအပါအဝင် ဒီပလိုမာအောင်လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၂၈)ဦးတို့အား ဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်ပေးအပ် ကာ ဒီပလိုမာအောင် လက်မှတ်ရ သင်တန်းသား၊ သင်တန်းသူများအား အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ဒီပလိုမာ အပ်နှင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ၏ မိဘများ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)