ရိခေါ်ဒါရ် မတ် ၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ လေ့လာရေးခရီးစဉ်ဖြင့် ရောက်ရှိလာကြသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးမိုးကျော်အောင် ဦးဆောင်သည့် အာဆီယံ သံအမတ်ကြီးများသည် ယမန်နေ့ ညနေပိုင်းက ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရိပြည်ထောင်စုရိပ်သာမုခ်ဦး၌ ကြိုဆိုကြသည်။
ထို့နောက် အာဆီယံသံအမတ်ကြီးများအဖွဲ့အား ရိခေါ်ဒါရ်မြို့ လူငယ်ယဉ်ကျေးမှုအဖွဲ့များက ရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကြိုဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သံအမတ်ကြီးများက ရိခေါ်ဒါရ်မြို့ ပြည်ထောင်စုရိပ်သာဝန်းအတွင်း ပြသထားသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဒေသထွက်ကုန်၊ ထုတ်ကုန်များ၊ ရိုးရာအဝတ်အထည်နှင့်အသုံးအဆောင် ပစ္စည်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့နှင့် အာဆီယံသံအမတ်ကြီးများ တွေ့ဆုံပွဲကို ရိခေါ်ဒါရ် ပြည်ထောင်စု ရိပ်သာ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးက ဒေသဆိုင်ရာအချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အာဆီယံသံအမတ်ကြီးများကိုယ်စား အိန္ဒိယ နိုင်ငံဆိုင်ရာ လာအိုပြည်သူ့သမ္မတနိုင်ငံ သံအမတ် H.E Mr. Sidharto Reza Suryodipuro က ကျေးဇူးတင်စကား ပြောကြားပြီး တက်ရောက်လာကြသည့် အာဆီယံသံအမတ်ကြီးများက ရှင်းလင်းတင်ပြချက်အပေါ် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိ သူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် အာဆီယံသံအမတ်ကြီးများကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ သမ္မတနိုင်ငံ သံအမတ်က ပြည်နယ်ဝန်ကြီးချုပ်အား အမှတ်တရလက်ဆောင်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ သံအမတ်ကြီးများ၊ ၎င်းတို့၏ ဇနီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရ သည်။
ပက်ကာ (ပြန်/ဆက်)