Skip to main content

ဓာတ်အားလိုအပ်ချက်အတွက် ကြိုးပမ်းဆောင်ရွက်နေ

မိသားစုတစ်စု၏ နေ့စဉ်လူမှုဘဝများအတွက် လျှပ်စစ်ဓာတ်အားက လွန်စွာအရေးပါလှသည်။ စားဝတ်နေရေးလိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်မီးပူ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရုပ်မြင်သံကြားစက်၊ လေအေးပေးစက်၊ ရေပူရေအေးစက်၊ ရေတင်စက်၊ မိုက္ကရိုဝေ့ဖ်မီးဖို စသည်ဖြင့် မိသားစုတစ်စု၏ ၂၄ နာရီပတ်လုံး အသုံးပြုမှုများတွင် ဓာတ်အားက မပါမပြီး။ ယခုကဲ့သို့ အပူရှိန်ပြင်းလာပြီဖြစ်သည့် နွေကာလသို့ ရောက်သည့်အခါ ဓာတ်အားသုံးစွဲမှုက ပိုလာသည်။ အများအပြားစုပြုံ သုံးစွဲကြသည့်အချိန်တွင် ဝန်နှင့်အား မမျှတခြင်း၊ ရေအားလျှပ်စစ်စက်ရုံများတွင် ရေနည်းလာမှုကြောင့် ထုတ်လုပ်မှု လျှော့ချရခြင်း စသည်တို့မှာ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲအချို့ပင် ဖြစ်သည်။

မိမိတို့နိုင်ငံတွင် ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး ဓာတ်အား ရရှိရေးအတွက် ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက် အဖျက်သမားတို့က ဓာတ်အားလိုင်းများ၊ ဓာတ်အားတိုင်များကို ဖောက်ခွဲခြင်း၊ လျှပ်စစ်ရုံးများကို ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လျှပ်စစ်ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ မီတာခကို တာဝန်ကျေပွန်စွာ ပေးဆောင်သည့် ပြည်သူများကို ခြိမ်းခြောက်နှောင့်ယှက်ခြင်း စသည်ဖြင့် အဘက်ဘက်မှ ဖျက်ဆီးလျက်ရှိသည်။ စင်စစ်အားဖြင့် စွမ်းအင်အရင်းအမြစ်ဖြစ်သည့် လျှပ်စစ်ဓာတ်အားသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်မြင့်မားရေးအတွက် အရေးပါပြီး ဓာတ်အားသုံးစွဲခွင့် မရသေးသည့် ဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအဖို့မူ မျှော်လင့်ချက်တစ်ခု ဖြစ်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုတို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းက ပြည်သူလူထု၏ နေ့စဉ်လိုအပ်ချက်နှင့် မျှော်လင့်ချက်တို့ကို နှောင့်ယှက်ဖျက်ဆီးခြင်းလည်း ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် ဓာတ်အားပြတ်တောက်မှုများသည် ပြည်ပမှဝယ်ယူရသည့် ဓာတ်ငွေ့ဈေးနှုန်းများ အဆပေါင်းများစွာ မြင့်တက်နေမှု၊ ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံရမှုတို့ကြောင့်ဖြစ်ပြီး ပျက်စီးမှုများကို ပြန်လည်ပြင်ဆင်လျက်ရှိကြောင်း ပြည်သူလူထုကို သက်ဆိုင်ရာက အသိပေးပန်ကြားထားပြီးလည်း ဖြစ်သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွင်းသို့ ဓာတ်ငွေ့တွင်းသစ်နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များ ထည့်သွင်းပို့လွှတ်နိုင်ရေး ဆက်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားရာ သက်ဆိုင်ရာဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှုများအပေါ် သိရှိနားလည်မှုနှင့်အတူ မိမိတို့ စွမ်းဆောင်နိုင်သမျှနှင့် ဝိုင်းဝန်းကူညီ အားပေးကြရန် လိုအပ်မည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အား လေလွင့်ပြုန်းတီးမှု လျှော့ချရေးနှင့် ဓာတ်အားချွေတာ ရေးတို့အတွက် ဓာတ်အားသုံးစွဲမှုနည်းသည့် အယ်လ်အီးဒီ မီးသီးမီးချောင်းများကို အစားထိုးသုံးစွဲရန်၊ လမ်းမီး၊ ခြံဝင်းမီး၊ ဂိုဒေါင်မီး စသည်တို့ကို အလင်းရောင်လာချိန်တွင် မပျက်မကွက် ပိတ်ရန်၊ နေ့ဘက်တွင် နေ့အလင်းရောင်ကိုသာ သုံးစွဲရန်၊ လူမရှိသည့်အချိန်တွင် အခန်းမီး၊ ပန်ကာ၊ လေအေးပေး စက်တို့ ပိတ်ထားရန်၊ ကြည့်သူမရှိပါက ရုပ်မြင်သံကြားစက် ဖွင့်မထားရန် စသည်တို့ အပါအဝင် မိမိတို့နေ့စဉ် ပေါ့ဆလေ့ရှိသည့် ဓာတ်အားပြုန်းတီးစေသည့် အလေ့အထများကို ပြုပြင်ကြရန်ဖြစ်သည်။ အမှတ်တမဲ့မနေဘဲ သတိပြုကာ စည်းကမ်းတကျ ဆောင်ရွက်ကြခြင်းဖြင့် ဓာတ်အားခသက်သာစေသည့် အကျိုးကို မိမိကိုယ်တိုင် ခံစားရမည် ဖြစ်သည့်အပြင် ဓာတ်အားဖြန့်ဖြူးမှုအပေါ်တွင်လည်း အထောက်အကူ ပြုစေမည်ဖြစ်သည်။

လက်ရှိအခြေအနေတွင် လျှပ်စစ်ဓာတ်အား အပြည့်အဝ မရရှိနိုင်သေးခြင်းကြောင့် အချို့ဒေသများတွင် ဓာတ်အားပြတ်တောက်မှုမှာ လာမည့် ရက်သတ္တပတ်ကျော်ကာလအထိ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းရသည်။ ဓာတ်အားလိုင်းများ ပြန်လည်စိုက်ထူ သွယ်တန်းခြင်း၊ ရေအောက်ဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပြီးစီးခြင်း စသည်ဖြင့် ပြင်ဆင်မှုလုပ်ငန်းများ ပြီးစီးပါက မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု မျှော်လင့်နိုင်ပါကြောင်း။ ။