နေပြည်တော် မတ် ၈
တပေါင်းလကို “နေ့ပူလို့ညချမ်း၊ တပေါင်းလသရမ်း” ဟု ဆိုစမှတ်ပြုကြ လေသည်။ တပေါင်းလသည် ဆောင်းကြွင်း နွေဦးလဖြစ် ကာ သစ်ပင်များသည် ရွက်ဟောင်းများစွန့်၍ ရွက်သစ်လွန်ကာ အညွန့်၊ အညှောင့်လေးများ ပေါ်ထွက် လာခြင်းဖြင့် တင့်တယ် သာယာ လှပေသည်။ “တပေါင်းသာခေါင်လများနောင်” ဟူသော ဆိုစကားနှင့်အညီ တပေါင်းလတွင် မြစ်ချောင်းများ ရေစစ်ကာ သောင်ခုံသဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီပွဲကျင်းပလေ့ရှိပြီး မြန်မာ နိုင်ငံအနှံ့အပြားတွင် ဘုရားပွဲတော်များ စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။
နေပြည်တော်ရှိ ဘုရားပုထိုး စေတီများတွင် ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပြုသူများဖြင့် စည်ကားလျက် ရှိသည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်၌ နံနက်ပိုင်းတွင် စေတီတော် လိုဏ်တော်အတွင်း ကိန်းဝပ်စံပယ် တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော် လေးဆူနှင့် မဟာဆုတောင်းပြည့် ဘုရားတို့ကို ရွှေကြာသင်္ကန်းတော် ကပ်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေက အနေ ကဇာတင်အခမ်းအနား ကျင်းပ သည်။
ညနေပိုင်းတွင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများနှင့်အညီ ပရိတ် တရားတော်၊ ဓမ္မစကြာနှင့် ပဋ္ဌာန်း ဒေသနာတော်များကို ရွတ်ပွားပူဇော် ကြပြီး ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ် ဘာဝနာပွားများသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရန်အောင်မြင် ရွှေလက်လှစေတီတော်၊ ဓာတုစယ စေတီတော်၊ သံသရာငြိမ်းအေး စေတီ တော်၊ ကိုးခန်းကြီးဘုရား၊ မဟာ သကျရံသီရပ်တော်မူ ရုပ်ရှင်တော် မြတ်၊ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်နှင့် သံဝေဇနိယလေးဌာန တို့တွင် တရားဘာဝနာ အားထုတ် ကြသူများ၊ ဘုရားဖူးလာပြည်သူ များ၊ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။
သဲပုံစေတီပွဲတော်
မြန်မာ့ဆယ့်နှစ်လ ရာသီတွင် တပေါင်းလသည် နောက်ဆုံးလဖြစ်ပြီး တပေါင်းလပြည့်နေ့ကို မြတ်စွာဘုရား ပြည်တော်ဝင် အခါတော်နေ့အဖြစ် သတ်မှတ်ပြီး သဲပုံစေတီပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုပွဲတော်တစ်ခုအဖြစ် ကျင်းပလေ့ရှိသည်။
ထို့ပြင် ဗုဒ္ဓပူဇနိယပွဲတော်များ၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပဋ္ဌာန်း နှင့် ပရိတ်တရားတော်များ ရွတ်ပွား ပူဇော်ခြင်းများ၊ သံဃာတော်များကို ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်ဆက်ကပ် လှူဒါန်းခြင်းများကို ရိုးရာအစဉ်အလာ မပျက် နှစ်စဉ် ကျင်းပလေ့ရှိကြ သည်။
ရွှေတိဂုံစေတီတော်
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲက ရွှေတိဂုံ စေတီတော်အထက်ပစ္စယံ၌ ကျင်းပ ရာ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်များနှင့် ပင့်သံဃာတော် များ စုစု ပေါင်း ၁၀၈ ပါးဖြင့် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါ ဘိသေက အနေကဇာတင်လှူ ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် (၂၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ရေစက်ချပွဲအခမ်း အနားကို စေတီတော်ရင်ပြင် ချမ်းသာ ကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပ ရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ် အသင်းအဖွဲ့များနှင့် အလှူရှင် များက နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း သြဝါဒါစရိယ ရန်ကင်းမြို့နယ် ကျိုက်ပိကျောင်း မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဂုဏေသန ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာကေတ မြို့နယ် တိပိဋကလင်္ကာရ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂ သာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရား နာယူ ကြပြီး ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ယနေ့တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများနှင့် အနယ်နယ် အရပ်ရပ်ရှိ စေတီတော်များတွင် ဥပုသ်သီလ ဆောက်တည်ကြ သူများ နှင့် ဘုရားဖူးလာပြည်သူများ၏ ကုသိုလ်ပုည ဆည်းပူးသံများဖြင့် ဝေစည်လျက်ရှိသည်။
မန္တလေး မဟာမုနိဘုရား
တပေါင်းလပြည့်နေ့ နံနက်ပိုင်းမှ စတင်၍ မန္တလေးမြို့ရှိ ဘုရားပုထိုး စေတီများ၌ ကုသိုလ်ပုည ဆည်းပူး ကြသူများဖြင့် စည်ကားလျက်ရှိ သည်။
မန္တလေးမြို့ရှိ မဟာမုနိဘုရား အား နံနက် ၄ နာရီတွင် ရေတော် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဥက္ကဋ္ဌ ဦးဆောင်၍ ဘုရားကြီးအား ရေသပ္ပာယ်ခြင်းနှင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ် များ ရွတ်ဆို ပူဇော်ခြင်း တို့ကို ဆောင် ရွက်ကြသည့်အပြင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူကြသူများ၊ ကုသိုလ်ဒါန လှူဒါန်းကြသူများနှင့် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားလျက် ရှိသည်။
အလားတူ ချမ်းအေးသာစံမြို့နယ် ရှိ မဟာလောကရန်နှိမ် အောင်တော်မူ ဆုတောင်းပြည့်ဘုရား၌ ကုသိုလ် ကောင်းမှုပြုကြသူများ၊ ဘုရားမျက်နှာ သစ်တော်ရေအတွက် သနပ်ခါး သွေးလှူဒါန်းကြသူများဖြင့် စည်ကား လျက်ရှိသည်။
ဥပုသ်သီလဆောက်တည်
ထို့အတူ ကျောက်တော်ကြီး၊ မန္တလေးတောင်၊ ကုသိုလ်တော်စန္ဒာမုနိ၊ ရွှေကျီးမြင်ဘုရား၊ တဝဂူဘုရား၊ ဘုရားနီဘုရား၊ ချမ်းသာ ချမ်းသာကြီး ဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရ ဘုရား၊ စွယ်တော်မြတ်စေတီတော် အပါအဝင် မန္တလေးမြို့ပေါ်ရှိ ဘုရား ပုထိုးစေတီတော်များ၊ ဓမ္မာရုံများ၌ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ် များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ဒါနသီလ ဘာဝနာတရား အားထုတ်ကြသူများ၊ ဘုရားဖူးလာပြည်သူများဖြင့် ကုသိုလ် ပုညဆည်းပူးသံများဖြင့် ဖုံးလွှမ်းလျက် ရှိသည်။
သတင်းစဉ်၊ ကိုကိုဇော် တင်မောင်(မန်းကိုယ်ပွား)