Skip to main content

တည်ငြိမ်အေးချမ်းသာယာရေး လက်တွဲပူးပေါင်းဝိုင်းဝန်းကြိုးပမ်း

ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို လိုလားကြသည်။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည် သာယာဝပြောပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ နေနိုင်ကြမည် ဖြစ်သည်။ တည်ငြိမ် အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြောင့်တန်းစွာပြု လုပ်နိုင်ပြီး ပြည်သူများ၏ လူမှုဘဝများလည်း မြင့်မား တိုးတက် လာမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးယုံကြည်ချက်၊ ခံယူချက်မတူကွဲပြားမှု၊ သွေးထိုး လှုံ့ဆော် နှောင့်ယှက် ဖျက်ဆီးမှု၊ စည်းလုံးညီညွတ်ရေး အားနည်းမှုတို့ကြောင့် ပဋိပက္ခ အမျိုးမျိုးတို့ကို မြန်မာ့ သမိုင်းတွင် ကြုံတွေ့ခဲ့ရသည်။ မျက်မှောက် ကာလတွင်လည်း နိုင်ငံရေး အပြောင်း အလဲကို အကြောင်းပြု၍ ပယောဂ အမျိုးမျိုးပူးကပ်ပြီး နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် နှောင့်ယှက် ဖျက်ဆီးတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို မြင်တွေ့ကြရမည် ဖြစ်သည်။

နိုင်ငံရေးအစွန်းရောက်များ၏ သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက် အဖျက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူ လူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများ၊ အများပြည်သူပိုင် အသက်အိုးအိမ် စည်းစိမ်များ၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများအား အကြမ်း ဖက်ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ် လျက်ရှိရာ ထိခိုက်ဆုံးရှုံးမှုများကို နေ့စဉ် မြင်တွေ့ကြားသိနေရသည်။

ဤသို့ အကြမ်းဖက် သောင်းကျန်းမှုဖြစ်စဉ်များကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းကာလများတွင် ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ ပူးပေါင်း လက်တွဲ၍ ကာကွယ် ဆောင်ရွက်နိုင်သောကြောင့် တိုင်းပြည် အေးချမ်းခဲ့သည်။ ယခုအခါတွင် အမျိုးသား သစ္စာဖောက်များ၏ သွေးထိုး လှုံ့ဆော်မြှောက်ပင့် ပေးမှုများကြောင့် ပေါ်ပေါက် လာသော အကြမ်းဖက် အဖျက်သမားများနှင့် တောမီးလောင် တောကြောင် လက်ခမောင်းခတ်လိုသော လက်နက်ကိုင် သောင်းကျန်းသူများက အများပြည်သူတို့အား အဆက်မပြတ် နှောင့်ယှက် ဖျက်ဆီးမှုများကို တညီတညွတ်တည်း အရှိန်အဟုန်မြှင့်ကာ တိုက်ဖျက် ကြရမည် ဖြစ်သည်။

သူရဲဘောကြောင်သော အကြမ်းဖက်သမားများသည် “ကြွက်မနိုင် ကျီမီးရှို့ ဆိုသကဲ့သို့ အပြစ်မဲ့သော အများပြည်သူတို့အား နှောင့်ယှက် ဖျက်ဆီးသတ်ဖြတ်နေမှုများမှာ အလွန်ဆိုးရွား ယုတ်မာသော လုပ်ရပ်များဖြစ်သည်။ အကြမ်းဖက်သမားများ သည်မြို့ရွာများ အတွင်း အလစ်အငိုက် ချောင်းမြောင်းပြီး အပြစ်မဲ့ ပြည်သူများအား ဒလန်သတင်းပေးဟု စွပ်စွဲ သတ်ဖြတ်ခြင်း၊ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများအား သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ မီးရှို့ ခြင်းတို့အပြင် မည်သို့မျှ မကျူးလွန်အပ်သည့် ရဟန်းသံဃာတော်များကိုပါ သတ်ဖြတ်ခြင်း များအထိ ပြုလုပ် လာကြသည်။

ထို့အပြင် စစ်ရေးမဟုတ်သည့် အစိုးရ ရုံးအဆောက်အအုံများနှင့် အများပြည်သူ နေအိမ်များ အပြင် အများပြည်သူ သွားလာနေကြသည့် လမ်းမကြီးများနှင့် ခရီးသွား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။ အဆိုပါအဖျက် လုပ်ရပ်များသည် ပြည်သူများ၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးစေပြီး ကုန်စည် စီးဆင်းမှုများကိုပါ ဟန့်တား နှောင့်ယှက် တိုက်ခိုက်လာခြင်းဖြစ်၍ နိုင်ငံတော်ထက် အပြစ်မဲ့ ပြည်သူများ၏ ဘဝများအား ဖျက်ဆီး နေခြင်းဖြစ်သည်။ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက် ဖျက်ဆီးလာမှုများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူများ၏လုံခြုံရေးကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက် ပေးနေသော်လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် ဝေးလံသောနေရာများတွင် အခက်အခဲများ ရှိနိုင်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် လိုအပ်ပြီး အကြောင်း ကိစ္စရှိပါက လုံခြုံရေးတပ်ဖွဲ့များသို့ အလျင်အမြန်အကြောင်း ကြားကာ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင် အကြမ်းဖက် အဖျက်သမားများ၏ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုပျက်စီးရေး၊ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူများ၏ နေထိုင် သွားလာမှုဘဝများကို ပျက်စီးစေရန် ပြုလုပ်ခဲ့ကြသော်လည်း ပြည်သူများ၏ နိုးကြား တက်ကြွစွာ ပူးပေါင်း လက်တွဲဆောင်ရွက်မှုများကြောင့် တပ်မတော်သည် တိုင်းပြည်ကို နှောင့်ယှက် ဖျက်ဆီးခဲ့သော အကြမ်းဖက်အဖျက် သမားသောင်းကျန်း သူများကို အမြစ်ပါမကျန် တွန်းလှန်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သော သာဓကများ များစွာရှိပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်နှင့် ပြည်သူများ၏လူမှုစီးပွားဘဝများ ပျက်စီးထိခိုက်မှု ဖြစ်အောင် တစိုက်မတ်မတ်ပြုလုပ်နေသော အကြမ်းဖက်သမားသောင်းကျန်း သူများကို စည်းလုံး ညီညွတ်သောအားမာန်များဖြင့် ရှင်းလင်းဖယ်ရှားကြရမည် ဖြစ်သည်။ တောမီး လောင်တောကြောင်လက်ခမောင်းခတ်လိုသော အကြမ်းဖက် သမားများနှင့် တစ်ဖက်သတ် အစွန်းရောက် ဝါဒစွဲအပေါ် အခြေခံသည့် အသိဉာဏ် နည်းပါးစွာဖြင့် တိုက်ခိုက်ဖျက်ဆီးနေသော အကြမ်းဖက်အဖျက် သမားသောင်းကျန်း သူများအား ဖော်ထုတ်ရှင်းလင်းနိုင်ရေးအတွက် နယ်မြေဒေသလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေကြသောတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ လက်တွဲပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်